By Ra Wai / MPA
တော်လှန်ရေးကာလ ရက်ပေါင်း၁၃၀၀ အတွင်း မြို့ပေါင်း၈၀နီးပါး သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ပြည်သူများ ဆက်လက်ကြံ့ကြံ့ခံကာ ယခုထက်ပိုမို သွေးစည်းညီညွတ်ကြရန်သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အင်အားစုက တိုက်တွန်းလိုက်သည်။
စစ်တပ်က တိုင်းပြည်အာဏာကို မတရား သိမ်းယူရန်ကြိုးပမ်းနေသည်မှာ ရက်ပေါင်း ၁၃၀၀ တိတိ ပြည့်သည့် ဩဂုတ်၂၃ရက်တွင် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အင်အားစုက တော်လှန် ပြည်သူများသို့ ပေးပို့သော သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။
“မြို့ပေါင်း၈၀ နီးပါး သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာ နိုင်ငံတကာရဲ့ ထိရောက်တဲ့ ကူညီမှုမပါဘဲ ကိုယ့် အားကိုယ်ကိုး တိုက်ယူခဲ့ရတာပါ။ပြောရရင် ပြည်သူတွေရဲ့ အထောက်အပံ့နဲ့ ထောက်ခံမှု ကြောင့်သာ မြို့တွေကို သိမ်းနိုင်ခဲ့တာပါ။ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ် နှိပ်ကွပ်ခြင်းမျိုးစုံကြားထဲကနေ နွေဦးတော်လှန်ရေးကို ကြံ့ကြံ့ခံ ထောက်ခံနေကြတာပါ” ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ “အာဏာရှင်စနစ် ဖျက်သိမ်းရေး”၊ “ ဒီမိုကရေစီ ရရှိရေး”၊ “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး”၊ “ရုံးမတက်နဲ့ ရုန်းထွက်” စသည့် ကြွေးကြော်သံများအတိုင်း အကြမ်းဖက်စစ်အုပ်စု၏ ယန္တရားများ မလည်ပတ်နိုင်ရန် အကြမ်းမဖက်အာဏာဖီဆန်မှု(CDM) စတင်ခဲ့သည့် စစ်အာဏာရှင်စနစ် တော်လှန်ရေးသည် တစ်မြို့ပြီးတစ်မြို့ သိမ်းယူနိုင်သည့် လက်နက်ကိုင် ပြည်သူ့ တော်လှန်ရေး အဖြစ်သို့ တိုးတက်ပြောင်းလဲခဲ့ပြီ ဖြစ်ကြောင်း ရက်ပေါင်း ၁၃၀၀ အထိ အတူတကွတိုက်ပွဲဝင်ခဲ့ကြသော တော်လှန်ရေးအင်အားစုများ ၊CDM အင်အားစုများ၊ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ထောင်တွင်းအကျဉ်းချခံထားရသူများ၊ နွေဦးတော်လှန်ရေးတွင် အသက် ခန္ဓာ နှင့် အိုးအိမ်များ စွန့်လွှတ်ပေးဆပ်သွားကြသော အာဇာနည် သူရဲကောင်း အလုပ်သမား၊ လယ်သမား၊ ကျောင်းသား လူငယ်များနှင့် ပြည်သူများ၊ အခြေအနေ အရပ်ရပ်ကြောင့် CDM မပြုလုပ်ဘဲ တော်လှန်ရေး အင်အားစုများကို နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးထောက်ပံ့နေသူများ၊ အကျပ်အတည်း အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူတရပ်လုံး၏ ထောက်ပို့မှုများ၊ အလှူရှင်များ အားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သွေးစည်းညီညွတ်မှုများကြောင့် ယခုကဲ့သို့ ကြံ့ကြံ့ခံ နိုင်သော တော်လှန်ရေး အောင်မြင်မှုပန်းတိုင်ကို နီးကပ်လာပြီ ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထား သည်။
“နွေဦးတော်လှန်ရေးကို တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့တိုးနိုင်ခဲ့တဲ့ အရေးကြီးအချက်က ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ပါပဲ။ဒါ့ကြောင့် ကျတော်တို့ပြည်သူတွေ ကိုယ့်အားကိုယ်ကိုး စိတ် ဓာတ်ကို ဆက်လက်ဆုပ်ကိုင် အားကောင်းဖို့လိုတယ်” ဟု နိုင်ငံရေးဆောင်းပါးရှင်က ဆက်လက်ပြောသည်။
တော်လှန်ရေးကာလ ရက်ပေါင်း ၁၃၀၀ အတွင်း အသက်၊ ဘဝ၊ ခန္ဓာ၊ အိုးအိမ် ဆုံးရှုံးခဲ့ရသူများနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီး ဆုံးရှုံးခဲ့ရသူများ တစ်ဦးချင်းအား အလေးနီပြုလျက် တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်ရေး ရှေ့ဆက်သွားဦးမည်ဖြစ်ကြောင်းလည်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အင်အားစုက ဆိုသည်။