By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာသဖြင့် လေကြောင်းပစ်ကူ ခဲ့ရကြောင်းသိရသည်။
သြဂုတ် ၂၃ ရက်၊ နံနက် ရှစ်နာရီမထိုးမီအချိန်မှ မွန်းလွဲ ၁၂ နာရီခွဲကျော်အထိ စစ်သားနှင့်ရဲ အထိုင်ချ မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်း သုံးကြောင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျောက်ရစ်စခန်းကို ဝင်သိမ်းတာ အောင်ကာနီးမှ မရလိုက်တော့တာ” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးက MPAသို့ ပြောသည်။
ကျောက်ရစ်ရဲစခန်းကို တိုက်ခိုက်နေစဉ်အတွင်း စစ်တပ်က လေကြောင်းမှ လေးကြိမ် ပစ်ခတ်ခဲ့ပြီး နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှုလည်းများတယ်။ကျတော်တို့ တော်လှန်ရေး အင်အားစုဘက် ကလည်း ထိခိုက်မှုတွေရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀ ဦးခန့်ထိခိုက်မှုရှိပြီး တစ်ဦး အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်များနှင့် ဒေသတွင်း PDFတပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။