By Hlaing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ အတွင်းရှိ ဝိုင်းချောင်းကျေးရွာအနီး၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျေးရွာအချို့ကို မီးရှို့မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ကြောင်း Pyay Underground News (PUGN) မှ တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်မှစ၍ ဝက်ထီးကန်မြို့ ၊ ဝိုင်းချောင်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ၊ ပြည်မြို့ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) မှ အရာရှိလေးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။
ထိုကဲ့သို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်မြို့ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) မှ ဝက်ထီးကန်မြို့သို့ စစ်ကောင်စီတပ်သားများ စေလွှတ်ကာ အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိသည်။
“ ပြည်မြို့ ဒကစ က သြဂုတ် ၂၃ ရက် မနက်ကစပြီး ဝက်ထီးကန်ဘက်ကို အင်အားတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပို့နေတယ်ဗျ၊ စစ်ကား ဆယ်စီးလောက်ရှိမယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဝိုင်းချောင်းကျေးရွာတစ်ဝိုက်က ရွာတွေကို မီးရှိူ့ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ တိုက်ပွဲငြိမ်နေတာတော့ နှစ်ရက်ရှိပြီ” ဟု PUGN မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း ဝက်ထီးကန်မြို့နယ်၊ ယာယီရဲစခန်းမှူးအဖြစ် တာဝန်ယူထားသူ နယ်ထိန်းအရာရှိတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းနှင့်အတူ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကို ပြည်မြို့ရှိ ကုတင် ၁၀၀ ဆန့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ သေတာတွေက ဝက်ထီးကန် ရဲသင်တန်းကျောင်းထဲက တော်တော်များတယ်။ ဟိုဘက်နေ့ညကတော့ (သြဂုတ် ၂၂ ရက်) ဝက်ထီးကန်မြို့ထဲက လမ်းဆုံတွေမှာ စစ်ကားတွေနဲ့ စစ်ဆေးနေတယ်လို့ သိရတယ်” ဟု ဝက်ထီးကန် ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်က ပြည်၊ သဲကုန်း၊ အောင်လံ၊ ထုံးဘို၊ ရွှေတောင်၊ နတ်တလင်း၊ ဥသျှစ်ပင်၊ ပေါင်းတလည်၊ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်တို့တွင် ဒေသခံများကို ပေါ်တာဆွဲခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများအပြင် အတင်းအဓမ္မ ငွေတောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ ဓာတ်ဆီစျေးနဲ့ ကုန်စျေးနှုန်းတက်တာက လွဲလို့ ပြည်မြို့ပေါ်မှာက အခြေအနေက ငြိမ်နေပါတယ်။ အစစ်အဆေးကြမ်းတာမျိုးကတော့ ရှိပါတယ်။ ရပ်ကွက်အတွင်းလမ်းတွေထဲထိ လိုက်ဖမ်းတာမျိုးတွေ ရှိတယ်။ ရှောင်တခင်ဧည့်စာရင်း စစ်ပြီး ဝင်ဖမ်းတာတွေပေါ့၊ အဲ့ဒါကလည်း ပေါ်တာဆွဲတာပဲလေ” ဟု ပြည်မြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် လဆန်းပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပဲခူးတိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ ရက္ခိုင့်တပ်တော် (AA) ကလည်း ဧရာဝတီတိုင်းနှင့် ကပ်လျက်ရှိသည့် ဂွမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပိုမို ဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်လျကရှိသည်။
“ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီဘက်က လူတွေလည်း လှုပ်လှုပ်ရွရွဖြစ်လာကြပြီ၊ သုံးနှစ်လည်း ကျော်လာတဲ့အချိန်မှာ စစ်က တဖြည်းဖြည်းနဲ့ အောက်ဘက်ကို ရောက်လာပြီလေ၊ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့နေရာတွေမှာ ထဖြစ်တော့ စိုးရိမ်နေကြတယ်” ဟု ပဲခူးမြို့မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၃ နယ်မြေနှင့် နီးကပ်လျက်ရှိသည့် ပဲခူးတိုင်း အရှေ့ခြမ်းတွင်သာမက၊ ပဲခူးတိုင်း အနောက်ခြမ်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံရလျက်ရှိသည်။
ထိုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီသည် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး နှင့် လေကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်ခြင်းများကြောင့် ဒေသခံများ သေဆုံးခဲ့မှုများလည်း ရှိသည်။