By Zwe Ko / MPA
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ် ၊ ကင်မွန်းချုံကျေးရွာမှ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရကြောင်း ဒေသခံများထံက စုံးစမ်းသိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းက ကင်မွန်းချုံကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ ထွက်ပြေးလာတဲ့သူ နှစ်ထောင်ကျော်လောက်ရှိတယ်။ စစ်ရှောင်အများစုက တောင်ငူမှာ ရှောင်နေကြတယ်။ တစ်ချို့ကတော့ ရွာကိုပြန်တဲ့သူရှိတယ်။ အဲ့ဒီတော့မှာ ရွာက နေအိမ်တွေ အဖောက်ခံထားရတာသိတာ၊ အနည်းဆုံး ၁၀ အိမ်လောက်ရှိတယ်။ တိုက်ပွဲက ချက်ခြင်းကြီးထဖြစ်တာဆိုတော့ ဘာမှ ယူမလာနိုင်ဘူး။ အိမ်တွေကို ဒီတိုင်းထားခဲ့ရတာ၊ အိမ်ထဲရှိတဲ့ ပစ္စည်းမှန်သမျှ အကုန်ယူသွားတာ” ဟု ၎င်းက ပြောသည်။
ကင်မွန်းချုံရွာအနီး တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ လေးကြိမ်ခန့်ရှိပြီး ယခင် စစ်ရှောင်စဉ်ကလည်း နေအိမ်ဖောက်ထွင်းခံရမှုများရှိခဲ့ကြောင်း အဆိုပါ ကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ အိမ်တွေ အဖောက်ခံရတာ မထူးဆန်းတော့ဘူးလို့ ပြောရမယ်။ စစ်ရှောင်ရတာကလည်း အခုမှ မဟုတ်ဘူးလေ၊ သုံးလေးခါရှိနေပြီ၊ အဲ့ဒီအချိန်ကတည်းက ဖောက်ထွင်းခံရတာ၊ စစ်သားတွေ ဝယ်ယူတာလို့လည်း တစ်ချို့ကပြောကြတယ်။ ကိုယ်မမြင်ရတော့ ဘယ်သူယူပါတယ်လို့ တပ်အပ်ပြောဖို့ ခက်တယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ကင်မွန်းချုံကျေးရွာ၌ တိုက်ပွဲများငြိမ်သက်သဖြင့် ဒေသခံများသည် ကျေးရွာသို့ ပြန်ချင်သော်လည်း ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီ ဂိတ်များက ပေးမပြန်ခိုင်းကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ အဖောက်ခံထားရတဲ့ သတင်းတွေကြားတော့ အိမ်ပြန်ချင်တာ၊ ပြန်လို့မရဘူး။ ဇရပ်ကြီးလမ်းပိုင်းမှာ စစ်သားတွေရှိတယ်။ သူတို့က ပေးမပြန်တာ၊ အချို့ကတော့ ခိုးပြန်ကြတယ်။ အန်တီတို့လည်း ပြန်ချင်ပြီ၊ အိမ်မှာက ပစ္စည်းတွေ ဒီတိုင်းထားခဲ့ပြီး ထွက်လာခဲ့ရတာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ကိုးရက်က အထက်ပ ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။
ထို့ပြင် ကင်မွန်းချုံကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိတော့သော်လည်း ၎င်းကျေးရွာအနီး ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီက ဖမ်းဆီးမှုများလုပ်ဆောင်နေသည့်အတွက် ပြည်သူများ ပြန်လာခြင်းမပြုရန် တောင်ငူခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ စစ်အာဏာရှင်ချုပ်ငြိမ်းမှဘဲ ပြည်သူတွေကို အိမ်ကိုပြန်လို့ရမဲ့ အခြေအနေဖြစ်တယ်။ အခုတစ်နိုင်ငံလုံးနီးပါး စစ်တပ် က ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတာ၊ အိမ်တွေအထိပါ လိုက်ဆွဲနေပြီ၊ အဲ့ဒီတော့ ပြည်သူတွေ နေရပ်ပြန်ဖို့ဆိုတာ လည်း မလွယ်ကူပါဘူး” ဟု ၎င်းက ရှင်းပြသည်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ခုနှစ်ရက်က ထန်းတစ်ပင်မြို့နယ်၊ ဇရပ်ကြီးမြို့မရဲစခန်းနှင့် ခလရ-၇၃ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြားခဲ့သည့်အပြင် ပြည်သူများလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ထိုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေချိန် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ရက်၌ ဇရပ်ကြီးမြို့လယ် ရှိ စျေး မီးလောင်ခဲ့ပြီး ဆိုင်ခန်း ၈၀ကျော်နှင့် လူနေအိမ် ငါးလုံးမီးလောင်ပျက်စီးခဲ့သည်။