By Ko Paing / MPA
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦး မိသားစုနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးသည် ခွင့်ယူပြီးနောက် မိသားစုနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခြင်းဖြစ်ကြောင်း CDF-KKG က ယနေ့(ဩဂုတ်၂၃ရက်)သတင်းထုတ်ပြန်သည်။
“ကျောက်ပန်းတောင်းရဲစခန်းမှာပဲ သူက တာဝန်ကျတာ။ ခွင့်ယူရင်းနဲ့ အသိမိတ်ဆွေတွေကနေ တစ်ဆင့် ချိတ်ဆက်ပြီး CDM ပြုလုပ်လာတာပါ။သူက အကြောင်းအမျိုးမျိုးကြေင့် CDM မဝင်နိုင်ခဲ့ဘူးပေါ့နော်။အခုက ခွင့်ယူရင်း အခြေအနေပေးလာခဲ့လို့ပေါ့” ဟု CDF-KKG သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Ahmung က MPAသို့ ပြောသည်။
အဆိုပါ ဒုရဲအုပ်နှင့်မိသားစုကို သြဂုတ် ၂၀ ရက်တွင် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ဆီ CDM ပြုလုပ်လာတဲ့ သူတွေအားလုံး လက်နက်ပါတယ်။ဒီဒုရဲအုပ်တစ်ယောက်ပဲ မပါတာပါ။သူ့ကို ဆုတော့ မချီးမြှင့်တော့ဘူး။လွတ်မြောက်နယ်မြေကို ပို့လိုက်ပါပြီ” ဟု ၎င်းကဆက်လက်ပြောသည်။
ယနေ့အချိန်ထိ CDF-KKG ထံ ရဲ ခြောက်ဦး၊စစ်သား လေးဦး နှင့်ပျူစောထီး တစ်ဦးတို့ လက်နက်များဖြင့်CDM ပြုလုပ်လာခဲ့ပြီး ရဲတစ်ဦးသည် ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် တိုက်ပွဲဝင်နေကြောင်းသိရသည်။