By Hlaing / MPA
ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကားလမ်းများ ပိတ်နေသဖြင့် ကချင်ပြည်နယ်ရှိ မြို့များ၌ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ သြဂုတ် ၁၅ ရက်မှစကာ တိုက်ပွဲများဖြစ်ပွားနေ၍ မန္တလေး – မြစ်ကြီးနား၊ ရွှေဘို – မြစ်ကြီးနား၊ မန္တလေး – ဗန်းမော်၊ မန္တလေး – ဖားကန့်နှင့် မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းများ ပိတ်ထားခြင်းဖြစ်ပြီး၊ အဆိုပါလမ်းပိုင်းများတွင်လည်း ခရီးသည်တင်ကားများနှင့် ကုန်ကားများ လမ်းခုလတ်၌ ပိတ်မိနေကြကြောင်း သိရသည်။
ထိုကဲ့သို့ ကားလမ်းများ ဖြတ်သန်းသွားလာ၍ မရခြင်းကြောင်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အခြေခံစားသောက်ကုန် နှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်နေခြင်းဖြစ်သည်။
“ မြို့ကြီးဆိုတော့ ပစ္စည်းတွေ ပြတ်သွားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ စျေးတွေကတော့ တက်တာပေါ့၊ ကား အဝင်က မရှိတဲ့အပြင် ငွေလွှဲ၊ ငွေထုတ်တွေကလည်း အဆင်မပြေဘူး။ ဒီနေ့စျေးနဲ့ မနက်ဖြန်စျေးကလည်း လုံးဝကွာတယ်။ ဆန်တစ်အိတ်ကို အနည်းဆုံး တစ်သိန်းခွဲကျော်တယ်” ဟု မြစ်ကြီးနားမြို့မှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ဖားကန့်မြို့၌ ယခင်က အင်တာနက်လိုင်း ပြတ်တော်မှုများဖြစ်ပွားပါက နာရီပိုင်းမျှသာကြာမြင့်သော်လည်း၊ လက်ရှိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အကန့်အသတ်ဖြင့်သာ ရရှိကြောင်း ဖားကန့်မြို့ခံ တစ်ဦးထံမှ သိရသည်။
“ လမ်းမှာ ပိတ်မိနေတဲ့ ကုန်စိမ်းတွေလည်း ပုတ်ကုန်တော့ စျေးပြန်တင်လိုက်တဲ့သဘောပေါ့၊ ဓာတ်ဆီတစ်လီတာကို တစ်သောင်းနားထိ စျေးပေါက်နေတာ၊ ဖုန်းလိုင်းတွေကလည်း အဆင်မပြေတော့ တစ်ပတ်တစ်ခါ ဆက်သွယ်တာပဲ စောင့်နေရတယ်” ဟု ၎င်းက ဆိုသည်။
“ အရင်က အင်တာနက်ပြတ်လည်း သုံးလေးနာရီလောက်ပဲ၊ ဖုန်းကြိုးကို ဘက်ဟိုးနဲ့ကုပ်မိလို့ဆိုပြီး ခဏတိုင်းပြတ်တာမျိုး ရှိတယ်။ အင်တာနက်ဖိုးကလည်း ၁၅၀၀၊ ၂၀၀၀ ဆို အဝသုံးပဲ၊ ကုန်စျေးနှုန်းကလည်း မကြီးဘူး။ တစ်သောင်းဆို နေ့ ညစားလို့ ရတယ်။ အခုတော့ မရတော့ဘူး” ဟု ပြီးခဲ့သည့် မေလအတွင်း၌ ဖားကန့်မြို့နယ်တွင် နေထိုင်ခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းအပြင် မေနှင့် ဇွန်လအတွင်း မိုးရွာသွန်းမှုများပြားကာ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းပျက်စီးခဲ့မှုကြောင့် ကုန်ကားများရောက်ရှိနိုင်ခြင်းမရှိတော့၍ ပူတာအိုခရိုင်အတွင်းရှိ ခေါင်လန်ဖူး၊ မချမ်းဘော၊ နောင်မွန်နှင့် ပန်နန်းဒင်မြို့နယ်တို့တွင်လည်း ကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။
“ ပူတာအိုမြို့ပေါ်မှာက တယ်လီနောလိုင်းတွေ ပြန်ရတာမျိုးတော့ ရှိတယ်။ ကုန်ပစ္စည်းကတော့ ဒေသထွက် အစား အစာက ပေါပေမဲ့ တခြားပစ္စည်းတွေက မဝင်ဘူး။ ဆန်တစ်အိတ်ကို ငါးသိန်းနီးပါးပေးနေရတယ်။ ဝင်ငွေမရှိတဲ့ကြားက ကုန်စျေးနှုန်းတွေက တက်နေတာ၊ အဲ့ဒီမှာ ရှိနေတဲ့ အမျိုးတွေအတွက် စိတ်ပူနေရတယ်” ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ပူတာအိုဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်မည့် စက်သုံးဆီ ယာဥ်များမှာလည်း အင်းတော်မြို့အဝင်၊ မဲဇာကျေးရွာနှင့် ရွှေဘို – မြစ်ကြီးနားကားလမ်းပိုင်းတွင် ပိတ်မိနေသည့်အပြင်၊ မိုးညှင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နန့်စီးအောင်စုပေါင်းဂိတ်တွင်လည်း ကုန်တင်ကားနှင့် စက်သုံးဆီယာဥ် တစ်စီးလျှင် ဂိတ်ကြေး ၃၀၀၀၀ ခန့်အထိပေးနေရကြောင်း သိရသည်။
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း ငွေကြေးဖောင်းပွကြောင့် ငွေစျေး၊ ရွှေစျေးနှင့်အခြေခံစားသောက်ကုန်စျေးနှုန်းများမှာလည်း လေးဆခန့်မြင့်တက်လာခဲ့သည်။
စစ်ကောင်စီသည် မြင့်တက်နေသည့် အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက်ဟုဆိုကာ ၂၀၂၃ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည့်ခဲ့သော်လည်း၊ လက်ရှိအချိန်ထိ ကုန်စျေးနှုန်းကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် နေ့စဥ် မြင့်တက်နေဆဲပင် ဖြစ်သည်။