By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဩဂုတ်၂၁ရက်က PDF တို့၏ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားငါးဦး ထပ်မံသေဆုံးကြောင်း တွေ့ရှိရသည်ဟု မြိုင်ပကဖ ကဆိုသည်။
ယနေ့ (ဩဂုတ် ၂၃ရက်) နံနက် လေးနာရီခွဲခန့်က ကိုင်းတောမရွာသစ်သို့ ရောက်နေသော စစ်ကောင်စီစစ်ကြောင်းသည် သရက်ကန်ပျူရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် ဗိုလ်မှူးမင်းသိန်းကျော်၊ တပ်ကြပ်ကြီးခင်မောင်လွင်၊ တပ်သားရဲရင့်သွေး၊ အမည်မသိတပ်သား နှစ်ဦးတို့၏ ရုပ်အလောင်းနှင့် ၈၁(မမ)အဖူး၊ ၄၀(မမအဖူး)နှင့် RPG အဖူးတို့ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
“ ဟိုနေ့က ထိတွေ့ဖြစ်ပြီး သူတို့ခေါ်ပြီး ဆေးကုရင်းဘာရင်း သေသွားတဲ့သူတွေနေမှာ။ လေးလောင်းကိုမြှုပ်ခဲ့ပြီး တစ်လောင်းကို ထန်းလက်နဲ့အုပ်ထားခဲ့တာ။ အသီးအဖူး(လက်နက်ကြီးကျည်)တွေကလည်း သူတို့အခြေပြုခဲ့တဲ့ ဘုန်းကြီးကျောင်းထဲကရတာ” ဟု မြိုင်ပကဖ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ဩဂုတ် ၂၁ရက်တွင် ယင်းစစ်ကြောင်းကို ကိုင်းတောမရွာသစ်အရှေ့ဘက်၌ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ၁၂ဦးသေဆုံးပြီး ငါဦးလက်နက်ချအညံ့ခံကာ သေနတ် ၁၉လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖ က ဩဂုတ်၂၂ရက်၌ ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့်နေရာများကိုလည်း တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း Young Force UG က ယနေ့ထုတ်ပြန်သည်။
ယင်းစစ်ကြောင်းသည် ဇွန် ၁၇ရက်နေ့ကတည်းက မြိုင်နယ်သို့ရောက်နေသည့် ရိက္ခာပို့စစ်ကြောင်း ဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။