By Nway / MPA\
ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းကို ၁၀၇ (မမ) ရှော့တိုက်ဒုံးနှင့် တိုက်ခိုက်မှုတွင် လေတပ်အရာရှိ နှစ်ဦးသေဆုံးပြီး အခြားအဆင့် ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၀ရက်၊ သန်းခေါင်ယံအချိန်တွင် အင်အား ၂၀၀ခန့်ရှိ တောင်ငူလေတပ်စခန်းကို ၁၀၇ (မမ) ရှော့တိုက်ဒုံး ခုနှစ်လုံး ပစ်ခတ်ခဲ့ရာ ပစ်မှတ်အား လေးလုံး ထိမှန်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM)ထံက သိရသည်။
“ ရှော့တိုက်ဒုံးလေးလုံးရဲ့ ထိမှန်ပေါက်ကွဲအားကြောင့် စစ်ကောင်စီတပ်ရဲ့ လေတပ် အရာရှိနှစ်ဦး သေဆုံးတယ်။ နောက်ပြီး အခြားအဆင့် ခြောက်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်” ဟု Brave Warriors for Myanmar (BWM) ပြောရေးဆိုခွင့်ရှိသူက MPA ကို ပြောသည်။
စက်ပြင်ပစ္စည်းများထားရှိသည့် ဂိုထောင်လည်း ပျက်စီးသွားပြီး လေတပ်ဘားတိုက်ကိုလည်း ထိမှန်ခဲ့ကြောင်း သိရသည်။
“ ရှော့တိုက်ဒုံး လေးလုံးက နှစ်နေရာစီ ထိတာပေါ့။ လေတပ်က ဘားတိုက်လည်းပါတော့ တပ်သား တချို့ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။