By Hlaing / MPA
မန္တလေးတိုင်း၊ မိထ္တီလာမြို့တွင် စစ်ရှောင်များပြားလာမှုကို အကြောင်းပြပြီး ကုန်စည်စျေးနှုန်းများ မြင့်တက်လာ သည့်အပြင် ပစ္စည်းများ ပြတ်လပ်မှုများပါ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်၊ နံနက် ၅ နာရီခန့်မှစ၍ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေပြီး၊ ဒေသခံပြည်သူအများစုမှာ မိထ္တီလာ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်ရှောင်နေကြရခြင်း ဖြစ်သည်။
“ ကျတော်တို့ရပ်ကွက်ထဲမှာလည်း တောင်သာဘက်ကနေ စစ်လာရှောင်ကြတာတွေရှိတယ်။ ဝမ်းတွင်းမြို့ဘက်မှာလည်း စစ်ရှောင်တွေရှိတယ်။ သြဂုတ် လဆန်းကတည်းက လာရှောင်ကြတာ၊ အခြေအနေကတော့ အေးဆေးတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းပြတ်ပြီး စျေးတွေလည်း တက်ကုန်တယ်” ဟု မိထ္တီလာမြို့၊ ပြည်သာယာရပ်ကွက်နေ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ယခင်က ခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များသည် မိထ္တီလာမြို့အတွင်းသို့ ဝင်ရောက်ကာ ကုန်ပစ္စည်းအတင်အချများ ပြုလုပ်၍ရသော်လည်း မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက်၊ အဆိုပါ မော်တော်ယာဥ်များကို မိထ္တီလာမြို့တွင်းသို့ အဝင်မခံသဖြင့် ခရီးသည်များနှင့် ကုန်ပစ္စည်းသယ်ယူလိုသူများမှာ အမြန်လမ်းမသို့ သွားရောက်ကာ သယ်ယူတင်ပို့မှုများ ပြုလုပ်ကြရသည်။
“ အရင်ကဆို ရန်ကုန်ကနေ မိထ္တီလာမြို့တွင်းကို ဝင်တော့ ဂိတ်မှာချတာကို ယူရုံပဲ၊ အခုကတော့ ဓာတ်ဆီစျေးနှုန်းကမြင့်နေတဲ့အပြင် အမြန်လမ်းမပေါ်ထိ ကိုယ့်စရိတ်နဲ့ကိုယ် သွားယူရတယ်။ အဲ့ဒီခါကျတော့ သယ်ယူစရိတ်၊ ကုန်ကျစရိတ်များတဲ့အတွက် စျေးနှုန်းတွေ တက်လာတာမျိုးပေါ့” ဟု သစ်သီးရောင်းချသူအမျိုးသမီးတစ်ဦးက ဆိုသည်။
“ မြင်းခြံကနေ ရန်ကုန်ကို ကားတွေက မသွားကြရတော့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်ထိ သွားပြီး ကားစီးရတယ်။ မြင်းခြံနဲ့ မလှိုင်ကြားထဲက ခရီးသည်တွေ၊ ကုန်သည်တွေအတွက် ဝန်ပိုသွားတာ” ဟု မလှိုင်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် မိထ္တီလာမြို့သို့ တိုက်ပွဲများ ကူးစက်လာနိုင်သည်ဟူသော သတင်းများကြောင့်လည်း ကုန်ပစ္စည်းဝယ်ယူ၍ သိုလှောင်နေသူများပြားလာသဖြင့် ကုန်ပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။
“ တိုက်ပွဲအခြေအနေကတော့ မိထ္တီလာမှာက အေးဆေးပါ၊ ဒါပေမဲ့ ကောလဟာလတွေကြားတော့ လူတွေက ကြောက်လန့်ပြီး ဝယ်ကြတော့ ကုန်ခြောက်တွေဆိုရင် ပြတ်ကုန်တဲ့အထိပဲ၊ ဆန်ကြမ်းတစ်ပြည်ဆို ၄၅၀၀၊ ကြက်ဥတစ်လုံးဆိုရင် ၆၀၀ ထိ ရောက်ကုန်တယ်။ ပစ္စည်းအဝင်က နည်းတော့ ပိုဆိုးတယ်” ဟု မိထ္တီလာမြို့မစျေးကြီးအတွင်း ကုန်ခြောက်ရောင်းချသူ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် မိထ္တီလာမြို့သို့ တိမ်းရှောင်ကြသူအများစုမှာ မလှိုင်၊ တောင်သာမြို့နှင့် ရုံးစည်ကြီးကျေးရွာမှ Non – CDM ဝန်ထမ်းများ၊ အစိုးရတက္ကသိုလ်တက်နေကြသူများနှင့် စစ်တပ်ထောက်ခံသူများဖြစ်ပြီး၊ သာမာန်လူတန်းစားအနည်းငယ်မျှသာရှိကြောင်း ဒေသခံများက ဆိုသည်။
“ ကျမ သူငယ်ချင်းက အာဏာသိမ်းတော့လည်း CDM မလုပ်ဘဲ ကျောင်းဆက်တက်နေတာ၊ အခုက ကျူတာဆရာမဖြစ်သွားပြီ၊ မြင်းခြံ၊ တောင်သာဘက်မှာ တိုက်ပွဲ အသံတွေထွက်လာတော့ သူတို့မိသားစုတစ်ခုလုံးကို မိထ္တီလာမှာဘဲ ခေါ်ထားတော့တာ” ဟု မလှိုင်မြို့၊ ကျေးရွာတစ်ရွာမှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိ မိထ္တီလာမြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ ဌာနဆိုင်ရာရုံးများ၊ ကန်ပတ်လမ်းနှင့် မြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်အဆေးများ တင်းကျပ်စွာ ပြုလုပ်လျက်ရှိနေသည်။
မိထ္တီလာမြို့တွင် စစ်ကောင်စီ၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ လေကြောင်းအတတ်သင်လေတပ်စခန်း၊ အမြှောက်တပ်ရင်းများ၊ သံချပ်ကာတပ်ရင်းများ၊ ရဲသင်တန်းကျောင်းများနှင့် ထောက်ပို့တပ်ရင်းများစွာ တည်ရှိနေပြီး၊ စစ်ကောင်စီတပ်အင်အားကောင်းသည့် ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။