By Mandy / MPA
တော်လှန်ရေးတပ်များက ထိုးစစ်ဆင်နေသော ပင်လည်ဘူးမြို့ မကျစေရေးအတွက် စစ်ကောင်စီ တပ်က လေကြောင်းပစ်ကူနှင့်ပါ အသည်းအသန်ခုခံနေကြောင်း သိရသည်။
ဩဂုတ်၁၅ရက်မှစတင်ကာ တော်လှန်ရေးတပ်များက စစ်ကိုင်းတိုင်း၊ပင်လည်ဘူးမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး စစ်တပ်က စစ်ကူနှင့် ရိက္ခာကို လေကြောင်းမှ ပို့ပေးနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ဒီနေ့ (ဩဂုတ် ၂၂) မှာ ပင်လည်ဘူးကို Y-12 စစ်ထောက်ပို့ယာဉ် ခြောက်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ပြုလုပ်ပြီးသွားပါပြီ” ဟု ၎င်းက MPAသို့ပြောသည်။
ပင်လည်ဘူးမြို့ကို အမှတ်တစ်စစ်ဒေသလက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့များနှင့် အရန်အင်အားများစွာပါဝင်သော တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို နေ့ရောညပါ ပြုလုပ်နေကြောင်း သိရသည်။
“လေကြောင်းတိုက်ခိုက်မှုတော့ နေ့ရော ညရောလုပ်နေတာ။ နေ့တိုင်းပဲ။ ဒီနေ့မှာ မုံရွာ နမခကနေ Mi-17 လေးစီးနဲ့ အင်အားလာဖြည့်တယ်။ တစ်စီးက စက်လတ်သယ်လာပြီး ကျန် သုံးစီးက လူအပြည့်ပါလာတာ။ လေးစီးစလုံး ပင်လည်ဘူး အရှေ့က တောအုပ်မှာဆင်းပြီး ကန့်ဘလူ ၆၀၀၆(အမြောက်တပ်)ကို ပြန်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲ ပြင်းထန်နေသော ပင်လည်ဘူးမြို့တွင် ဩဂုတ် ၁၈ရက်က ဂျက်ဖိုက်တာဖြင့် လေးကြိမ်၊ ဩဂုတ် ၂၀ရက်တွင် ဂျက်ဖိုက်တာဖြင့် လေးကြိမ်၊ ဩဂုတ်၂၁ရက်တွင် ဂျက်ဖိုက်တာဖြင့် ခုနှစ်ကြိမ်နှင့် Y-12ဖြင့်ဗုံး အလုံး ၈၀ခန့် ကြဲချခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ပင်လည်ဘူးမြို့ တိုက်ပွဲအခြေအနေနှင့် နှစ်ဖက် ထိခိုက်မှုကို MPAအနေနှင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။