အကြီးတန်းနိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ စစ်တပ်အကြီးအကဲဟောင်းတစ်ဦးလည်းဖြစ်သူက ၎င်းအား မေးခွန်းမေးရန်ကြိုးပမ်းသည့် အမျိုးသမီးသတင်းထောက်တစ်ဦးကိုပါးရိုက်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ထိုင်းလွှတ်တော်က ပြောကြားသည်။
ThaiPBS ရုပ်သံသတင်းဌာနမှ သတင်းထောက်တစ်ဦးက ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် သက်ဆင်၏ သမီး ပေသွန်ထန်ရှင်နာဝါထရာအား ခန့်အပ်မှုနှင့် ပတ်သက်၍ ပရာဝစ်ဝေါင်ဆူဝန်အားမေးမြန်းရာ ၎င်းကပါးရိုက်ခဲ့ခြင်းဖြစ်သည်။
အဆောက်အဦးတစ်ခုထဲမှ ထွက်ခွာလာစဉ် အသက် ၇၉ နှစ် အရွယ် ပရာဝစ်က မစ္စဒူအန်သစ်ယမ်ဟော့၏ ဦးခေါင်းနားကို လက်ဝါးဖြင့် အကြိမ်ကြိမ်ပိတ်ရိုက်ပြီး “နင်ဘာတွေ မေးနေတာလဲ၊ ဘာလဲ၊ ဘာလဲ” ဟု ပြန်လည်ပြောကြားခဲ့သည်ကို ဗီဒီယိုဖိုင်ထဲတွင် မြင်တွေ့ရသည်။
၂၀၀ဝ ပြည့်နှစ်များက ထိုင်းစစ်တပ်၏ အကြီးအကဲဖြစ်ခဲ့သူ ပရာဝစ်သည် ပေသွန်ထန်၏ အဒေါ် ဖြစ်သူ၊ ထိုစဉ်က ဝန်ကြီးချုပ်ယင်လတ်အား ဖြုတ်ချခဲ့သည့် ၂၀၁၄ အာဏာသိမ်းမှု ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့်နှစ်အထိ အုပ်ချုပ်ခဲ့သော စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အစိုးရ လက်ထက်တွင်လည်း လက်ထောက်ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သူ ဖြစ်သည်။
ThaiPBS သတင်းဌာနက တရားဝင် တိုင်ကြားခဲ့ပြီးနောက် ပါးရိုက်ခဲ့သည့် ကိစ္စအားစုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း ထိုင်းလွှတ်တော်၏ ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
ပရာဝစ် အနေဖြင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရနိုင်သည် သို့မဟုတ်ပါက ပြင်းထန်သော ကျင့်ဝတ်ဆိုင်ရာချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိပါက ရာသက်ပန်တားမြစ် ခံရနိုင်သည်။
ဂျာနယ်လစ်တစ်ဦးကို အကြမ်းဖက်သည့်အတွက် ပရာဝစ်ကို ထိုင်းဂျာနယ်လစ်များအသင်းက ပြစ်တင် ရှုတ်ချထားသည်။
၎င်း၏ လုပ်ရပ်များသည် မီဒီယာအခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နှောင့်ယှက်မှု အဖြစ် မှတ်ယူကြောင်း ထိုင်းဂျာနယ်လစ်များအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ပရာဝစ်က အဆိုပါဂျာနယ်လစ်ကို ပြန်တောင်းပန်ထားပြီး ၎င်းအနေနဲ့ မကောင်းသော ရည်ရွယ်ချက် တစ်စုံတစ်ရာမရှိခဲ့ဟု ပြောဆိုထားသည်။
အငြိမ်းစား ဗိုလ်ချုပ်ကြီးသည် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပတ်သက်လို့ သြဇာအကြီးမားဆုံး ညှိနှိုင်းသူဖြစ်ပြီး စစ်တပ်လိုလားသော၊ နန်းတော်လိုလားသော အစုအဖွဲ့များတွင် အဓိကပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
၎င်းသည် Rolexes နာရီ ၁၁ လုံးအပါအဝင် အမျိုးမျိုးသော တန်ဖိုးကြီးနာရီ ၂၂ လုံးကို ဝတ်ဆင်ထားသည့် ဓာတ်ပုံအဟောင်းများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်း၏တန်ဖိုးကြီးနာရီများ စုဆောင်းထားမှုနှင့် ပတ်သက်၍ ၂၀၁၈ က အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရသည်။
သို့သော် အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်က အဆိုပါအမှုကို ပယ်ချခဲ့သည်။

