By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ခိုးဆိုးလုယက်ရန် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို PDFတပ်များက တိုက်ခိုက်ခဲ့ရာ ၁၂ဦးသေဆုံးပြီး ငါးဦးလက်နက်ချအညံ့ခံခဲ့ကြောင်းသိရသည်။
ဩဂုတ် ၂၁ရက်၊ နံနက်ခြောက်နာရီခန့်က မြိုင်မြို့နယ်၊ ကိုင်တောမရွာသစ်၌ အခြေချတပ်စွဲနေသော ပခုက္ကူတပ်မ ၁၀၁မှလာသည့် အင်အား ၈၀ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ရွာအရှေ့ဘက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ သေနတ်၁၉လက်နှင့် ခဲယမ်းပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖက ယနေ့(ဩဂုတ်၂၂ရက်)သတင်းထုတ်ပြန်သည်။
“ ကိုင်းတောမမှာ နေပြီး ငတ်ပြတ်နေတာကိုး။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကိုင်းတောမအရှေ့နားက ထန်းငယ်တောကို ဝင်၊ ဝင်ပြီးတော့ ဆန်၊ဆီ ခိုး၊ အိမ်တွေကိုမီးရှို့ခဲ့။ အဲ့တုန်းက ကျတော်တို့က ဘာမှမလုပ်လိုက်နိုင်ခဲ့ဘူး။ နောက်တစ်ခါ အနောက်ဘက်ရွာတွေထပ်ဝင်။ ခုတစ်ခါကလည်း အရှေ့ဘက်ထွက်ပြီး ရွာဝင်မွှေအောင်လို့ ထွက်လာတာ။ အကုန်လုံးတော့မဟုတ်ဘူး။ ရွာသစ်ဘုန်းကြီးကျောင်းထဲမှာ ကျန်ခဲ့တဲ့သူတွေလည်းရှိတယ်။ ကျတော်တို့နဲ့ ထိတွေ့ဖြစ်တာ ၃၀ဝန်းကျင်လောက်ပဲရှိတယ်” ဟု မြိုင်ပကဖမှ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် MA1သေနတ် ခြောက်လက်၊ MA2 သုံးလက်၊ MA3 လေးလက် ၊ MA4 တစ်လက် ၊ MA11 တစ်လက် ၊ G3 နှစ်လက် ၊ 79MM တစ်လက်၊ BA100( ၆၀ မမ) တစ်လက် ၊ G3 ကျည် ၁၉၂ တောင့် ၊ MA ကျည် ၈၆၇ တောင့် ၊ ၉မမကျည် ၁၉၆ တောင့် ၊ ၆၀ (မမ)အဖူး တစ်ဖူး ၊ ၈၁ )မမ)အဖူး ငါးဖူး ၊ ၄၀(မမ)အဖူး ၁၂ဖူး ၊ အီနာဂါ သုံးဖူး ၊ RPGအဖူး သုံးဖူး ၊ လက်ပစ်ဗုံး သုံးလုံးနှင့် အခြားစစ်သုံးပစ္စည်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
” အလောင်းတွေကိုတော့ ကောင်းကောင်းမွန်မွန်သင်္ဂြိုဟ်ပေးလိုက်ပါတယ်။ အထိနာသွားတဲ့ကောင်တွေကလည်း တစ်ပုံပဲ။ ဟိုထဲမှာ (ကိုင်းတောမရွာသစ်)ရောက်ပြီးတော့ကို ဘယ်နှစ်ကောင်သေမယ်မသိဘူး။ ခုထိ ဘုန်းကြီးကျောင်းထဲမှာပဲနေနေသေးတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ဇွန် ၁၇ရက်နေ့ကတည်းက မြိုင်နယ်သို့ရောက်ရှိနေသည့် ရိက္ခာပို့စစ်ကြောင်းဖြစ်ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကိုမြိုင်ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(နှစ် ၊ခြောက် ၊ခုနှစ်)တပ်ရင်းများ ၊ ပကဖတပ်ပေါင်းစု အမှတ်တစ် တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်ေရေးတပ်ဖွဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်း လက်နက်ကြီးငယ်အဖွဲ့များနှင့် ဒရုန်းတပ်ဖွဲ့များပူးပေါင်းဆင်နွှဲခဲ့ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။