By Ra Wai / MPA
မကွေးတိုင်း၊ ပေါက်နှင့် ပခုက္ကူမြို့နယ်အတွင်း တပ်စခန်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေအနေမဟန်တော့သဖြင့် ထွက်ပြေးသွားကြပြီဖြစ်ကြောင်း သိရသည်။
ဩဂုတ် ၂၂ရက်၊ နံနက် တစ်နာရီဝန်းကျင်က ပေါက်မြို့နယ်၊ သာကြီးတောင်ရေနံမြေကင်းစခန်းမှ အင်အား ၄၀ဝန်းကျင်ရှိ စစ်ကောင်စီတပ်သည် စခန်းစွန့်ခွာပြီး ကမ္မမြို့မရဲစခန်းသို့ သွားပေါင်းကြောင်း ပေါက်မြို့နယ်ပကဖထံကသိရသည်။
“ အဲ့က အစိုးရပိုင်ပစ္စည်းတွေဆိုတော့ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ သူတို့ဆီ မြေပြင်စစ်ကူမလာတဲ့အပိုင်းရယ်။ ကျတော်တို့အဖွဲ့တွေက ဝိုင်းထားတယ်။ သူတို့မဆုတ်လည်း ထပ်တိုက်မှာ။ အဲ့ဒါကြောင့် ဆုတ်သွားတာထင်တယ်” ဟု ပေါက်ပကဖ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ဩဂုတ် ၂၀ရက်တွင် သာကြီးတောင်ရေနံမြေကင်းစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး အလံဖြူထောင် လက်နက်ချသူနှစ်ဦးနှင့် အရှင်တစ်ဦး ဖမ်းဆီးရရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။
ဩဂုတ် ၂၁ရက် ညပိုင်းကလည်း ပခုက္ကူမြို့နယ်၊ ကျထိုးနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးသည် စခန်းစွန့်ခွာကာ ညောင်ဂျင်ပစ်ပျူရွာသို့ သွားပေါင်းသဖြင့် ယနေ့(ဩဂုတ်၂၂ရက်) နံနက်ပိုင်း၌ PDF တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း PKU Thurain အဖွဲ့ထံကသိရသည်။
“ ဆုတ်သွားတာ အချိန်အတိအကျမသိဘူးဗျ။ မနက်မှပဲ ကျနော်တို့ ဝင်ရှင်းတာ။ စခန်းက ကွင်းပြင်ကြီးထဲမှာ ထီးထီးကြီး တစ်လုံးတည်း။ အုတ်တိုက်ဆိုတော့ ပြာတော့မကျဘူး။ ကတုတ်ကျင်းတွေရော အကုန်ဖျက်ဆီးပစ်လိုက်ပြီ” ဟု PKU Thurain အဖွဲ့မှ ကိုသူရိန်က ပြောသည်။
ယင်းကျထိုးရဲစခန်းသို့ စစ်ကူပေးသည့်အခါ စစ်ကူကိုပါ PDF တပ်ဖွဲ့များက ဖြတ်တောက်ထားနိုင်သဖြင့် စခန်းသိမ်းလျှင် လွယ်လွယ်ကူကူရနိုင်ကြောင်း ယင်းစခန်းရှိ စစ်ကောင်စီတပ်သားများက သိရှိပြီး ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။