By Mandy / MPA
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကာကင်းစခန်းသုံးခုကို တော်လှန်ရေးတပ်များက သိမ်းပိုက် ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံး၁၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်၂၁ရက်တွင် KIA နှင့် ပူးပေါင်းတပ်တို့က ထီးချိုင့်မြို့ တစ်ဖက်ကမ်း၊မြတောင်ရှိ စစ်ကောင်စီ ကာကင်းစခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“အရင်နေ့ (ဩဂုတ် ၂၀ရက်) တုန်းကတော့ ဘာတိုက်ပွဲမှမရှိဘဲ လေကြောင်းကနေပစ်တာ။ မြတောင်ကို လက်လွှတ်ရပြီးတော့ ဆက်တိုက် အင်အားသုံးပစ်တော့တာပဲ” ဟု ၎င်းက MPAသို့ ပြောသည်။
ဩဂုတ် ၂၁ရက်၊နံနက်ပိုင်း၊နေ့ခင်းပိုင်းနှင့် ညဦးပိုင်းတို့တွင် ထီးချိုင့်မြို့ဘက်ခြမ်းနှင့် မြတောင်နယ်တစ်ဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်တို့ဖြင့် စုစုပေါင်း ၁၈ကြိမ် ဗုံးအလုံး ၁၀၀ ကျော်ကြဲခဲ့ပြီး ယနေ့ (ဩဂုတ် ၂၂ရက်) နံနက်နှစ်နာရီခွဲကျော်တွင်လည်း ဂျက်ဖိုက်တာတစ်စင်းဖြင့် နှစ်ကြိမ် ဗုံးကြဲသွားကြောင်း Tigyaing Revolution- TR က ဖော်ပြထားသည်။
ထိုသို့ဗုံးကြဲမှုများကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်မှုများကိုမူ မသိရသေးပေ။
ဩဂုတ်၂၀ရက်ကလည်း ထီးချိုင့်မြို့အနီးရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံးသီး သုံးကြိမ်ကြဲချခဲ့ပြီး Y-12လေယာဉ် ဖြင့် ဗုံးသီးစုစုပေါင်း၆၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Tigyaing Revolution -TR က ဖော်ပြထားသည်။