By Ko Paing / MPA
၂၀၂၄ ခုနှစ်အတွင်း မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များကို ၁၀ ကြိမ်ခန့်တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံကသိရသည်။
ရေစကြိုမြို့ပေါ်တွင် ရဲစခန်း၊စစ်မှုထမ်းဟောင်းရုံး (ငြိမ်းဇာနည်) ၊ ပန်းခြံ၊ဆေးရုံနှင့်ကပ်ကျော်ဘုန်းကြီးကျောင်းတို့တွင် စစ်ကောင်စီတပ်က အင်အား ၄၀၀ဝန်းကျင်ဖြင့် တပ်စွဲထားပြီး PDFတပ်ဖွဲ့တို့က အလစ်အငိုက် ဝင် ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
“ရေစကြိုမြို့ပေါ်မှာက ခွေးစခန်း (စစ်ကောင်စီစခန်း) ငါးခုလောက်ရှိတယ်။ တပ်အင်အားကတော့ ၄၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု Myingyan Black Tiger-MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲ ကMPAသို့ ပြောသည်။
ရေစကြိုမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များကို PDF တို့က မကြာခဏဆိုသလို ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး ရေစကြိုမြို့၊ဆင်ခြေဖုံးရပ်ကွက်များTM; PDFတို့က ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း စစ်တပ်က အင်အားတိုးမြှင့်ချထားခြင်းမရှိကြောင်း ရေစကြိုမြို့ခံတစ်ဦးကပြောသည်။
“စစ်တပ်ထိန်းချုပ်ထားနိုင်တာဆိုလို့ မြို့တွင်းက သူတို့စခန်းပတ်ဝန်းကျင်ကွက်ကွက်ကလေးပဲရှိ တယ်။ PDF တွေ ပြောက်ကျားလာတိုက်တိုင်း စစ်သားတွေ မသေရင်တောင် ဒဏ်ရာရတာချည်းပဲ။ မြို့ပြင်ထွက်ရင်လည်း မိုင်းဆွဲခံရတယ်။ ရေစကြိုမြို့စွန်ရပ်ကွက်တွေထဲ သွားရင် ရှေ့တန်းထွက်သလို စစ်ကြောင်းနဲ့ချီ သွားရတယ်။ အဲလိုလိုဖြစ်နေတာက ၂၀၂၃ကတည်းက” ဟု ၎င်းက ပြောသည်။
ယင်းသို့ ရေစကြိုမြို့ပေါ်ကိုပင် စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိတော့သော်လည်း စစ်သားအင်အား တိုးမြှင့်ကာ စစ်ဆင်မှု မရှိခြင်းမှာ စစ်သားအင်အား မလုံလောက်တော့ခြင်းကြောင့် ဖြစ်ကြောင်း ရေစကြိုမြို့ခံရော ဗိုလ်မိုက်ခဲကပါ မှတ်ချက်ပြုသည်။
သြဂုတ် ၂၀ ရက်၊ နံနက် ကိုးနာရီဝန်းကျင်တွင် ရေစကြိုမြို့ပေါ်ရှိ အထက်တန်းကျောင်း၌တပ်စွဲထားသော စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ထားသေးသည်။