By Sayar Ngaat / MPA
မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ပုဂ္ဂလိကပိုင် Weather Stationကို ရန်ကုန်တိုင်း၌ စတင်အသုံးပြုနေပြီး Station ၁၅လုံး ထိ တိုးချဲ့နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
မိုးလေဝသ လေ့လာသူများသည် ၂၀၁၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးချိန်တွင် Weather forecast App များဖြင့် မိုးလေဝသ စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှသာ အစိုးရပိုင်မဟုတ်ဘဲ၊ ပုဂ္ဂလိကပိုင်အဖြစ် Weather Station များကို အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
“ ၂၀၂၄ ခုနှစ်မှာတော့ ကနေဒါနိုင်ငံက ထုတ်လုပ်တဲ့ Ambient Weather Station တွေ ရန်ကုန်တိုင်းမှာ စတင်တပ်ဆင်အသုံးပြုနိုင်လာပါပြီ၊ မိုးဇလက station မထိုင်ထားတဲ့ နေရာဒေသတွေရဲ့ မိုးလေဝသဆိုင်ရာအချက်အလက်တွေကို ကိုယ်ပိုင် Weather Station တွေမှာ ရနိုင်၊ စုဆောင်း သိမ်းဆည်းနိုင်တာကြောင့် နောက်ဖြစ်လာနိုင်တဲ့ ရာသီဥတုဖြစ်စဉ်တွေ ခန့်မှန်းသုံးသပ်ရာမှာလဲ အသုံးဝင်လာပါတယ် “ ဟု ၎င်းက ပြောသည်။
လက်ရှိ Weather Station များကို ရန်ကုန်တိုင်း ကမာရွတ်၊ မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်များ၌ တပ်ဆင်အသုံးပြုနေပြီး နှစ်စဉ်ရေကြီးမှု စိုးရိမ်ရသည့် ပဲခူးရိုးမအောက်ပိုင်း၊ ဧရာ၀တီတိုင်း နှင့် ရန်ကုန်တိုင်းတို့တွင် ၁၅လုံးထိ တိုးချဲ့တပ်ဆင်နိုင် ရန် ပြင်ဆင်နေသည်ဟု ဦးဝင်းနိုင်က ဆိုသည်။
ယခင်က ပုဂ္ဂလိကပိုင် Weather Station မရှိသည့်အတွက် Free APP များမှ တစ်ဆင့် မိုးလေဝသ အခြေအနေများကို လေ့လာခဲ့ရကာ၊ ထိုမှတစ်ဆင့် တစ်နှစ်လျှင် ဒေါ်လာ ၂၀မှ ၅၀ အထိပေးရသည့် Paid APP များဝယ်ယူ၍ သင်္ချာပုံစံပြုမော်ဒယ်များအသုံးပြုပြီး မိုးလေဝသ ခန့်မှန်းမှုများအတွက် လေ့လာရကြောင်း ၎င်းက ရှင်းပြသည်။
“ Weather Station တွေသုံးတဲ့အတွက် မိုးလေဝသအချက်အလက်တွေကို အမှန်တကယ်နဲ့ အချိန်နဲ့တပြေးညီ ရရှိပါတယ်၊။ ကိုယ်ပိုင် WS တွေရဲ့ အချက်အလက်တွေကိုတော့ တစ်လ တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် Network ထဲက ဆွဲချသိမ်းဆည်းနိုင်ပြီးတော့ မှတ်တမ်းတွေ ပြုစုထားနိုင်လာပါတယ် “ ဟု ဦးဝင်းနိုင်က ပြောသည်။
ယင်းအပြင် Weather Station များမှ လေတိုက်နှုန်း၊ လေတိုက်ရာအရပ်၊ မိုးရေချိန်၊ မိုးရွာနှုန်း၊ ရေပြင်ညီအမြင့်မှ လေထုဖိအား၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းအကွာအဝေးနှင့် အကြိမ်ရေ၊ နေရောင်ခြည်စွမ်းအင်ရရှိနိုင်သည့် ပမာဏ(Solar radiation)နှင့် မြေဆီလွှာစိုထိုင်းဆ စသည့် ပြင်ပ မိုးလေဝသအချက်အလက်များ ကို တိုင်းတာနိုင်သည်။
ထို့ပြင် Weather Stationမှ အခန်းတွင်း-အခန်းပြင်ပ လေထုစိုထိုင်းဆ၊ အပူချိန်၊ လေထုညစ်ညမ်းမှု ၊ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုပမာဏ စသည်တို့ကို Sensor များကဖမ်းယူပြီးနောက် Ambient Weather Network မှတစ်ဆင့် Internet Connection အပေါ်မူတည်ကာ အိမ်နီးချင်းနိုင်ငံများ၏ မိုးလေဝသအခြေအနေများကိုပါ အချိန်နှင့်တပြေးညီ သိနိုင်လာကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ အခုလို မိုးလေဝသဘက်မှာ တိုးတက်လာတော့ အများကြီး ကောင်းပါတယ်။ ကျမတို့ နိုင်ငံကလူတွေက သဘာဝဘေးအန္တရာယ်တွေ ကြုံမှ ဥပမာ ရေကြီးမှ၊ မုန်တိုင်းဝင်မှ မိုးလေဝသသတင်းတွေကို ကြည့်ရကောင်းမှန်းသိတာ၊ အခုလိုမျိုး မိုးလေဝသခန့်မှန်းမှုတွေ တိုးတက်လာတဲ့အပေါ်ကိုလည်း အလေးထားကြဖို့ လိုပါတယ် “ ဟု ရန်ကုန်မြို့ခံပြည်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ၂၀၂၄ခုနှစ်အတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ချောင်၊ မင်းဘူး စသည့်မြို့များသည် ကမ္ဘာ့အပူဆုံး မြို့ ၁၅ မြို့ စာရင်းဝင်ခဲ့သည်။
ထို့ပြင် ယခုနှစ် မိုးဦးကျချိန်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် မိုးအလွန်များခဲ့ပြီး ပထမရေကြီးကာလအစပြုခဲ့ခြင်းသည် ဒုတိယမြောက် ရာသီဥတုဖေါက်ပြန်မှုတစ်ခုဖြစ်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။
လက်ရှိ မိုးရာသီကာလအတွင်း ပုံသဏ္ဍန်မမှန်သည့် လေစီးကြောင်း၊ လေထုဖိအားနှင့် အပူချိန်များသည် မိုးလေဝသခန့်မှန်း ချက်များကို ပိုမိုရှုပ်ထွေးစေကြောင်း၊ ယခုနှစ်အတွင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့၌ ကုန်းတွင်းလေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်မှုသည် နှစ်ကြိမ်အထက်ရှိနေသည့်အတွက် ပုံမမှန်သည့် မိုးရွာသွန်းမှု ဖြစ်စဉ်များကို ဖြစ်ပေါ်စေသည့် အပြင် ရက်ဝေးကြိုတင်ခန့်မှန်းချက်များလည်း လွဲချော်မှုများကို တွေ့ရကြောင်း ဦးဝင်းနိုင်ကရှင်းပြသည်။
အာရှတိုက်အတွင်းအတွင်းရှိ နိုင်ငံအချို့သည် ပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များဖြစ်သည့် မိုးခေါင်ခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်း တို့ကို ပိုမိုခံစားလာရပြီး ၂၀၂၃ခုနှစ်အတွင်း အပူပြင်းဆုံ နှစ်တစ်နှစ် အဖြစ် စံချိန်တင်ခဲ့မှုကိုလည်း ကြုံတွေ့ခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO) က ၂၀၂၄ခုနှစ် ဧပြီ ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။