By Wadi / MPA
မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံကျေးရွာရှိ PDF များအား သင်တန်းပေးနေသော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲဆိုသည့် သတင်းအမှား ဩဂုတ် ၂၀ ရက်တွင် စစ် ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“PAN” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၂၀ ရက်နေ့ ည ၈ နာရီ ၄၈ မိနစ်တွင် “အကြမ်းဖက် PDF များ သင်တန်းပေးနေသည့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ တပ်မတော်လေယာဉ်မှ ဗုံးကြဲ ၊ ဖြစ်စဉ်တွင် အကြမ်းဖက် PDF ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား လိုက်ထရပ်ယာဉ် ၂ စီးဖြင့် သယ်ဆောင် ထွက်ပြေးသွားကြကြောင်း၊ ၎င်းဘုန်းကြီးကျောင်းမှာ အကြမ်းဖက် PDF ထောက်ခံအားပေးသောကျောင်း ဖြစ်ကြောင်း သိရပါသည်” ( မူရင်းရေးသားချက်အတိုင်း ) ဟု ရေးသားကာ ဗုံးဒဏ်ကြောင့် ပျက်စီးနေသည့် ဘုန်းကြီးကျောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့ရာ ဩဂုတ် ၂၁ ရက် ညနေ ၆နာရီအထိ ကြည့်ရှုသူ ၁၄,၀၀၀ ကျော် ၊ Reaction ပြုလုပ်သူ ၃၆၀ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးတင်ထားသောလင့်ခ် >>> https://archive.ph/v2RgP
အဆိုပါသတင်းအမှားကို “Snow Queen” နှင့် “MMC(News)” တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြ ခဲ့ကြသဖြင့် ပျံ့နှံ့မှုများပြားသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသောသတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/CIgJS
MMC(News) – https://archive.ph/jkUoG
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအ မှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “မြေလတ်အသံ” နှင့် “Myanmar Now” တို့တွင် သတင်းရေးထားသည်။
ဩဂုတ် ၂၀ ရက် မြေလတ်အသံတွင် “မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစီးက ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အမျိုးသားတဦး သေဆုံးပြီး ဦးဇင်းတပါးနဲ့ ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ဆီက သိရပါတယ်” ဟု ပျက်စီးသွားသော ဘုန်းကြီးကျောင်းဓာတ်ပုံနှင့်တကွ ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/v4wB0
ဩဂုတ် ၂၁ ရက် Myanmar Now တွင် “နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကျေးလက် ဒေသကို ယနေ့(ဩဂုတ် ၂၀) မွန်းလွဲပိုင်းတွေင် လေတပ်က တိုက်ခိုက်ရာ ဒေသခံ ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာ ရသွားကြောင်း သိရသည်” ဟု ပျက်စီးသွားသော ကွမ်းအုံရွာဘုန်းကြီးကျောင်းဓာတ်ပုံများနှင့်တကွ ရေးသား ထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/dmPqn
သတင်းအမှားအကြောင်းအရာကို ဆက်လက်စစ်ဆေးရန် Google တွင် “နွားထိုးကြီး ကွမ်းအုံကျေးရွာ” ဆို သည့် Keyword ဖြင့် ရှာဖွေကြည့်ရာ “MPA ၊ Mizzima၊ RFA” အပါအဝင် အခြားမီဒီယာများတွင် သတင်း ဖော်ပြထားတာ တွေ့ရသည်။
သတင်းမီဒီယာများတွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကွမ်းအုံရွာရှိ ဘုန်းကြီးကျောင်းနှင့် အနီးတဝိုက် ကို ဩဂုတ် ၂၀ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း နှင့် ကျောင်းအရှေ့ဖက်ရှိ လူနေအိမ်များပေါ် ကျခဲ့တာကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့များ၏ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးရှိရာ မြို့နယ်များရှိ အရပ်သားပစ်မှတ်များအား စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပိုမိုပြုလုပ်လာကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
MPA – https://shorturl.at/7LJz8
Mizzima – https://shorturl.at/al1f0
RFA – https://shorturl.at/I9jWL
သုံးသပ်ချက်
နွားထိုးကြီးမြို့နယ် ကွမ်းအုံရွာရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုတွင် အရပ်သားများ သေဆုံး ၊ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီဒီယာများက ရေးသားဖော်ပြထားသည်။ ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသာ “PDF များအား သင်တန်းပေးနေသည့် ဘုန်းကြီးကျောင်း” ဟု ဖော်ပြထားမှုသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် စစ်ကောင်စီ၏ အရပ်သားပစ်မှတ်များအား လေ ကြောင်းဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ်များအား PDF များကို နှိမ်နှင်းခြင်းဖြစ်သည်ဟု ရေးသား ဖြန့်ဝေ လေ့ရှိသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။