By Nway / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာကို စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ သာသနိကအဆောက်အအုံများ ပျက်စီးမှုရှိကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၂၁ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာကို စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
“ ဂျက်ဖိုက်တာနဲ့ သုံးကြိမ်ပစ်တယ်။ ဗုံးတွေချည်းကြဲတာပါ။ လက်ဝဲကျေးရွာက အရင်စစ်ကြောင်းဝင်တုန်းက မီးရှို့ခံထားရတာ အိမ်ခြေ ၂၀၀ လောက်ရှိတယ်။ ပြည်သူတွေလည်း မနေကြတော့ဘူး။ အခုပစ်တာကလည်း အဲဒီဘက်ဆိုတော့ ပြည်သူအထိအခိုက်မရှိဘူး။ ဒါပေမဲ့ ဘုန်းကြီးကျောင်းရှိတော့ စေတီပုထိုးတွေ ပျက်စီးမှုရှိတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ဩဂုတ် ၂၀ရက် ကလည်း နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူသုံးဦးသေဆုံးကာ သံဃာတော်တစ်ပါးအပါအဝင် ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့သေးသည်။