မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့ သြဂုတ်လ ၂၀ ရက်က ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
တရုတ်ဗဟိုကော်မတီကွန်မြူနစ်ပါတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာနှင့် လွတ်လပ်ရေး၊ နယ်နိမိတ်ဆိုင်ရာဂုဏ်သိက္ခာ၊ အမျိုးသား စည်းလုံးညီညွတ်ရေးတို့အတွက် တရုတ်က ကတိပြုထားကြောင်း သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စဘစ်ရှော့အား ပြောကြားသည်။
ထို့ပြင် ဝမ်ယိက ဆက်လက်ပြောကြားရာတွင် တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၌ ကြားဝင်မစွက်ရန်နှင့် မြန်မာနိုင်ငံသားများ ကိုယ်တိုင်ဦးဆောင်ပြီးပြုလုပ်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်း ကတိပြုထားကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းမှုပြန်လည်ရရှိရေးအတွက် အာဆီယံ၏ကြိုးပမ်းမှုများကိုလည်း တရုတ်က ထောက်ခံကြောင်း ဝမ်ယိကဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
မစ္စဘစ်ရှော့က မြန်မာနိုင်ငံ၏ပြဿနာကို အသေအချာကိုင်တွယ်ဖြေရှင်းရေး တရုတ်၊ အာဆီယံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး အနီးကပ်ဆက်လက် ဆက်သွယ်သွားရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာ့အရေးဖြေရှင်းရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်သည် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်နေကြောင်း ဝမ်ယိက ဆိုသည်။
မြန်မာနိုင်ငံ၌ ရေရှည်တည်တန့်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရေး၊ နိုင်ငံရေးအရ ပြန်လည် ရင်ကြားစေ့နိုင်ရေး အောင်မြင်အောင်ဆောင်ရွက်ရာတွင် တရုတ်က မစ္စဘစ်ရှော့ကို ကူညီပေးရန် အသင့်ရှိကြောင်း ဝန်ယိက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူကိုယ်စားလှယ် ရာထူးတာဝန်များကို ၎င်းထမ်းဆောင်ရာတွင်လည်း ဘေဂျင်းက ကူညီပေးရန်ဆန္ဒရှိကြောင်း ဝမ်ယိကဆိုပါတယ်။
အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီပျက်ကွက်နေပြီးနောက် မြန်မာပြဿနာကို ဖြေရှင်းရေးကြိုးပမ်းရာတွင် အာဆီယံလည်းကြံရာမရ ဖြစ်နေသလို မစ္စ ဘစ်ရှော့ အနေနဲ့လည်း အခက်ကြုံရနိုင်ကြောင်း မြန်မာအရေးလေ့လာသူများက သုံးသပ်ထားသည်။