By Zwe Ko / MPA
ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ ကျေးရွာအား ကာကွယ်ရန်ဟုဆိုကာ ပြည်သူ့စစ်(ပျူစောထီး)ဖွဲ့ရန် အတင်းအဓမ္မဆောင်ရွက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၆ရက်က စစ်ကောင်စီ အသစ်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကျပ်အဖွဲ့ ဖွဲ့စည်းပြီးနောက် ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ပြည်သူ့စစ်များ ဖွဲ့စည်းရန် ပိုမို ကြိုးစားလာခြင်းလည်း ဖြစ်သည်။
“ စစ်တပ်က မြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေမှာ အရှုံးကြီးရှုံးနေပြီလေ၊ သေတဲ့သူ၊ အညံ့ခံတဲ့သူနဲ့ အလင်းဝင်တဲ့သူတွေ ပိုပိုများလာတယ်။ အဲ့ဒီတော့ တပ်သားလိုအပ်ချက်က အရမ်းများလာတော့ ပြည်သူတွေကို မရမက အတင်းစစ်ထဲထည့်မှာဘဲ၊ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာနေထိုင်ဖို့လိုအပ်တယ်။ ပြီးတော့ မြို့သိမ်းတိုက်ပွဲတွေလည်း အချိန် မရွေးဖြစ်လာနိုင်တော့ အစစအရာရာကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်” ဟု ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေ အတည်မပြုခင်ကပင် ဝေါမြို့နယ်ရှိ ကျေးရွာအချို့၌ ပြည်သူ့စစ်တပ်ဖွဲ့ များဖွဲ့စည်းခဲ့မှုရှိနေကြောင်း လက်ပန်ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ ရွာတော်တော်များများမှာ အရင်ကအတည်းကဖွဲ့ထားကြတယ်။ လူကတော့အရမ်းမများဘူး။ အခုက အဲ့ဒီပျူစောထီးအဖွဲ့တွေရော၊ အုပ်ချုပ်ရေးမှူးတွေကပါ လူစာရင်းတွေကောက်ဖို့လုပ်နေတာ၊ ရွာထဲမှာလည်း ကိုယ့်ရပ်ရွာကာကွယ်ဖို့ အတွက် စစ်သင်တန်းတက်ရမယ်လို့ ပြောနေတယ်” ဟု ၎င်းက ပြောသည်။
ယခင်ကဖွဲ့စည်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များကို မဖွဲ့စည်းခင်က မိမိဒေသကာကွယ်ရန်ဟုပြောဆို ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီတပ်များ ရှေ့တန်းခေါ်ဆောင်ပါက လိုက်ပါရကြောင်း ဝေါမြို့နယ်၊ ပုဂံကျေးရွာနေ အသက် ၄၅နှစ်အ ရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“သံခွန်တို့ ၊အုပ်ဖိုလ်(၁) ၊ လက်ပန်၊ ဆင်ရွာ အဲဒီရွာတွေက ပျူစောထီးတွေတိုက်ပွဲလိုက်ရတယ်။ အကိုတို့ ပုဂံရွာကတော့မလိုက်ရသေးဘူး။ အဲဒီလိုတိုက်ပွဲလိုက်ရတယ်ဆိုရော ထွက်ပြေးတဲ့သူက ထွက်ပြေး လူကမရှိတော့ဘူး၊ အခုလည်းလာပြန်ပြီ တိုက်ပွဲတွေ မခေါ်ဘူး။ ကိုယ့်ရပ်ရွာကာကွယ်ဖို့ ဆိုပြီး ပြောနေတာ၊ ပြီးရင်တိုက်ပွဲခေါ်တော့မှာ ၊အဲဒါသိနေတော့ ဘယ်သူမှ မဖွဲ့ချင်ကြဘူး” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ကမ်းနားရှိ ကျေးရွာများတွင်လည်း ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက ပိုမိုဖိအားပေးနေ သောကြောင့် လူငယ်များ ဘေးလွတ်ရာသို့ တိမ်းရှောင်မှု ပိုမိုများပြားလာသည်ဟု ဝေါမြို့နယ်ရှိ အသက် ၅၀ အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“အဲဒီဘက်ကနယ်မြေလည်း သိပ်မငြိမ်တော့ အုပ်ကြီးတွေကို ပြည်သူ့စစ် အတင်းဖွဲ့ခိုင်းနေတာ၊ ခံစစ်ပြင်ထားတဲ့ သဘောပေါ့၊ လူငယ်တွေလည်းရွာတွေမှာ မရှိကြတော့ပါဘူး။ အနည်းပါးလောက်ပဲရှိကြတော့တာ၊ ပြီးတော့ ရွာတွေက စစ်ဖြစ်နေတဲ့ ရွာတွေမဟုတ်ဘူးလေ၊ သူတို့(စစ်ကောင်စီ)စကားလည်းဘယ်သူမှ မယုံတော့ဘူး။ စစ်သင်တန်းတက်ပြီးရှေ့တန်းတိုက်ပွဲထဲအပို့ခံရမှာ သိနေကြပြီ၊ အဲဒီတော့လူငယ်အများစုက ရှောင်ကုန်ကြတာပေါ့” ဟု ထို အမျိုးသမီးက ရှင်းပြသည်။
လက်ရှိ ဝေါမြို့နယ်အတွင်း စစ်ကောင်စီက လမ်းသွား၊ လမ်းလာ ပြည်သူများကို စစ်မှုထမ်းရန် ဖမ်းဆီးမှုများပြုလုပ်နေပြီး ပြန်လည်လွတ်မြောက်လိုသူများအနေဖြင့် အနည်းဆုံး ကျပ် သိန်း ၄၀ မှ အများဆုံး ကျပ် သိန်း ၅၀ အထိပေးရ ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၈ရက်မှ စတင်ကာ စစ်ကောင်စီသည် ပဲခူးတိုင်းအနောက်ခြမ်း ကျေးရွာများရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၌ တပ်စွဲမှုများပြလုပ်ခဲ့ကာ မသင်္ကာသူများကို ဖမ်းဆီးမှုများပြုလုပ်လျက်ရှိနေသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက စစ်မှုဌာန်းဥပဒေပြဌာန်းပြီးနောက် စစ်သားစုဆောင်းမှုများ လုပ်ဆောင်လျက်ရှိရာ၊ လက်ရှိ အပတ်စဉ် လေးအထိ ပြီးမြောက်ခဲ့ပြီး အပတ်စဉ် ငါးအတွက် လူစုဆောင်းမှုများပြုလုပ်ရာတွင် အတင်အဓမ္မဖမ်းဆီးမှုများ ပိုမိုပြုလုပ်နေကြောင်း ပြည်သူများထံမျ သိရသည်။