By Sayar Ngaat / MPA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် မိုးခေါင်နေသည့်အပြင် စက်သုံးဆီစျေးများပါ မြင့်တက်နေသည့်အတွက် သီးနှံစိုက်ပျိုးထားသည့် တောင်သူများ အရှုံးပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ် ပြောင်းစိုက်ရာသီဖြစ်သည့် ဇွန်လ ပထမပတ်မှ စတင်ကာ မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ပြောင်းသီးနှံများ ပျက်စီးကာ အရှုံးပေါ်နေခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ်ရှိ ဒေသခံတောင်သူများက ဆိုသည်။
“ ပြောင်းစိုက်ပြီးတဲ့အချိန်ကတည်းက မိုင်းခေါင်နေတာပဲ၊ ကျန်တဲ့နေရာတွေမှာ ရေတွေကြီးနေပေမဲ့ ဒီဘက်မှာ မိုးက ရွာကို မရွာတာ၊ အဲ့ဒီတော့ ပြောင်းပင်တွေဆို အကုန်ဝါပြီး သေကုန်တယ်” ဟု ကန့်ဘလူမြို့နယ်မှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်အတွင်း မိုးအနည်းငယ် ရွာသွန်းခဲ့သော်လည်း အချိန်လွန်မှ မိုးရခြင်းကြောင့် ပြောင်းသီးနှံများ အနှံများမထွက်တော့ဘဲ သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့ပြင် ပြောင်းစိုက်တောင်သူများအပြင် ကွမ်းစိုက်တောင်သူများသည်လည်း မိုးမရသဖြင့် စက်သုံးဆီကို စျေးကြီးပေးဝယ်၍ ရေသွင်းစိုက်ပျိုးရသော်လည်း ဇူလိုင် ဒုတိယပတ်မှ စတင်ကာ ကွမ်းရွက်ရှယ် တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကွမ်းရွက် ရိုးရိုး တစ်ပိဿာလျှင် ၁၅၀၀ ကျပ် သာရရှိခြင်းကြောင့် အရှုံးပေါ်နေကြောင်း သိရသည်။
လက်ရှိ ကွမ်းရွက်ရှယ် တစ်ပိဿာလျှင် ၇၀၀၀ကျပ် ဈေးနှုန်းရှိနေသော်လည်း ကွမ်းခြံများအတွင်းသို့ ရေတင်သွင်းရာ၌ စက်များကိုသာ အသုံးပြုရပြီး ဓာတ်ဆီ တစ်လီတာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်အထိ မြင့်တက်နေသဖြင့် အဆင်မပြေကြောင်း ကန့်ဘလူမြို့နယ်ရှိ ကွမ်းစိုက်တောင်သူ တစ်ဦးက ပြောသည်။
” ကွမ်းခြံကကျ စိုက်ပြီးရင် ဒီတိုင်း ပစ်ထားလို့ မရဘူးလေ၊ ရေသွင်းရတယ်၊။ ရေသွင်းရင် စက်နဲ့ပဲ မောင်းရတယ်။ စက်နဲ့ မောင်းတင်ရင်လည်း ဆီဈေးက တစ်ပုလင်းကို ငါးထောင်၊ ရေသန့်ဘူးနဲ့ဆို တစ်ဘူးကို ရှစ်ထောင်လောက်အထိ ဖြစ်နေတယ်။ မိုးရွာရင်တော့ ရေသွင်းရတာလည်း သက်သာတယ်။ မိုးခေါင်နေတော့ အဆင်မပြေဘူး၊ ဒီထဲက ကွမ်းဈေးတွေကလည်း ကျနေတော့ တော်တော် အခက်အခဲ ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဇွန်လအတွင်း ကွမ်းရွက်ဈေးသည် တစ်ပိဿာ ကျပ် တစ်သောင်းခွဲအထိပေါက်ဈေးရှိခဲ့ပြီး ယခု ကွမ်းဈေးကျချိန်၌ ကွမ်းရွက်များခူးသည့်အခါ အလုပ်သမားများကို ငှားရသဖြင့် အရှုံးပေါ်နေရသည့်အပြင် ဒေသတွင်းတိုက်ပွဲများဖြစ်ပွားသည့်အခါ ကားလမ်းများပိတ်နေသောကြောင့် မရောင်းချရသည့်အခါများလည်း ရှိကြောင်း ကွမ်းစိုက်တောင်သူက ဆက်လက် ရှင်းပြသည်။
ဩဂုတ်လ ဒုတိယပတ်အတွင်းက ကန့်ဘလူမြို့နယ်အတွင်း မိုးအနည်းငယ် ရွာသွန်းသဖြင့် စပါးစိုက် တောင်သူများသည် စပါးမျိုးစေ့များကို လယ်များ၌ တစ်ခါတည်းကြဲ(ဒေသအခေါ် ကျီးစားပတ်)၍ စိုက်ပျိုးနေကြရပြီး မိုးထပ်မံမရွာသွန်းမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးနည်းနည်းရွာတော့ စပါးတော့ စိုက်နိုင်အောင် လုပ်နေကြရတယ်။ မိုးခေါင်နေတော့ ပျိုးတွေ ဘာတွေလည်း ဘယ်သူမှ မထောင်ကြရဘူးလေ၊ အဲဒီတော့ ကျီးစားပဲပတ်ကြရတာပေါ့၊ ပုံမှန်ဆို ပျိုးကြဲတယ်၊ ပျိုးရမှ ကောက်စိုက်ပြီး စိုက်ကြတာပေါ့၊ အခုလို ကျီးစားပတ်စိုက်တာက မြေဆီတွေ ဘာတွေလည်း ကြဲပေးရတယ်၊ မကြဲရင် စပါးက သိပ်မဖြစ်တာတွေ ဖြစ်တယ်၊ အဲဒီတော့ မြေဆီဖိုးတွေတော့ ထပ်ကုန်ပါတယ်” ဟု စပါးစိုက် တောင်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ကန့်ဘလူမြို့နယ်အတွင်း မိုးခေါင်မှုများကြောင့် ဒေသခံတောင်သူများ အရှုံးပေါ်နေကြရသလို ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းတွင်လည်း၂၀၂၄ခုနှစ်၊ ဇူလိုင်လလယ်မှ စတင်ကာ ဧရာ၀တီမြစ်ရေ၊ မြစ်မခမြစ်ရေ မြင့်တက်လာမှုကြောင့် သာယာ၀တီခရိုင်အတွင်းရှိ စပါးခင်းဗျား ဆယ်ရက်ကျော်ခန့် ရေနစ်မြုပ်ပြီး လယ်ဧက တစ်သိန်းနီးပါး ပျက်စီးခဲ့ပြီး လယ်ယာလုပ်ငန်းသွင်းအားစု ပစ္စည်းများ၏ စျေးနှုန်းများမြင့်တက်လာသည့်အတွက် စပါးပြန်မစိုက်နိုင်တော့ဘဲ တောင်သူများ ဒုက္ခရောက်နေရကြောင်းလည်း သိရသည်။
ယခင်နှစ်များတွင်လည်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုနှင့် မိုးခေါင်မှုများကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း စစ်ကောင်စီက ထိရောက်သည့် ကူညီမှုများ လုပ်ဆောင်ပေးခဲ့ခြင်းများ မရှိပေ။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး သွင်းအားစုကုန်ကျစရိတ် သုံးဆခန့်မြင့်တက်လာပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများတွင်လည်း တောင်သူများသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်၍ မရဘဲ နေရပ်စွန့်စွာ စစ်ဘေးရှောင်နေရမှုများ၊ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာ၀ ဘေးအန္တရာယ်များကိုလည်း တောင်သူများ ခံစားကြုံတွေ့နေကြရသည်။
အာရှတိုက်အတွင်းရှိ နိုင်ငံအများအပြားသည် မိုးခေါင်ခြင်း၊ အပူလှိုင်းများဖြတ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများ ဝင်ရောက်ခြင်းအထိ ပြင်းထန်သည့်အခြေအနေများ ပေါ်ပေါက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အပူပြင်းဆုံး နှစ်တစ်နှစ်အဖြစ် စံချိန်တင်ခဲ့သည့်အခြေအနေကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO)က ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၃ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။