By Nway / MPA
ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းကို ၁၀၇ (မမ) ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်အား လေးလုံးထိမှန်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၀ရက်၊ ည၁၂ နာရီမထိုးမီ အင်အား ၂၀၀ခန့်ရှိ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးခုနှစ်လုံး ဖြင့် ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့ (ဩဂုတ် ၂၁ ရက်) သတင်းထုတ်ပြန်သည်။
“ အဓိကချိန်ပြီးပစ်တာက ဆီလှောင်တဲ့နေရာရယ်၊ လေယာဥ်ရုံရယ်၊ ခဲယမ်းသိုလှောင်ရုံတွေရယ်ကိုပါ။ ဆီလှောင်ကန်ကို နှစ်လုံးချိန်တယ်။ တစ်လုံးအောင်တယ်။ ထိခိုက်ပျက်စီးမှုတွေက စုံစမ်းနေဆဲပါ” ဟု Brave Warriors for Myanmar (BWM) ပြောရေးဆိုခွင့်ရှိသူက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် လေတပ်စခန်းမှနေ၍ ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အောင်သပြေကုန်းရွာသို့ ကျရောက်ခဲ့ပြီး နွားတစ်ရှဉ်းသေဆုံးခဲ့ကြောင်း သိရသည်။
“ တိုက်ခိုက်မှုပြီးတော့ စစ်ကောင်စီဘက်က သံသယရှိတဲ့နေရာတစ်ဝိုက်ကို ဒရုန်းနဲ့ပတ်ဝဲကြည့်တယ်။မနက် တစ်နာရီလောက်မှာ ၁၂၀ (မမ) နှစ်လုံးနဲ့ပစ်တယ်။ သူတို့ပစ်လိုက်တဲ့ ၁၂၀ (မမ) တစ်လုံးက ရွာဘက်ကိုကျသွားတယ်၊ နွားတင်းကုပ်ကိုကျပြီး နွားတစ်ရှဥ်း သေသွားတယ်လို့တော့သိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knights Civilian Defense Force (MKCDF) ၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ပါတီရဲဘော်များအဖွဲ့နှင့် Mercury Revolution Force (MRF) အဖွဲ့တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။