By Ra Wai / MPA
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း အဖမ်းမခံသည့် ပျူစောထီးခေါင်းဆောင်နှစ်ဦးကို PDFတို့ ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ဩဂုတ် ၁၉ရက်၊ ညနေ ခြောက်နာရီဝန်းကျင်က ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီးသင်တန်းအတွက် လူစုနေသော ပျူခေါင်းဆောင် နှစ်ဦးကို ကျေးရွာအတွင်းသို့ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်ပကဖထံက သိရသည်။
“ သတိပေးထားတာတော့ ကြာပြီ။ ကျွန်းစုတစ်မြို့နယ်လုံးကို သတိပေးထားတာရှိတယ်။ ဖုန်းနဲ့လည်း အကြိမ်ကြိမ်အခါခါ ပျူစောထီးမလုပ်ဖို့၊ မဖွဲ့ဖို့ တားမြစ်ထားတာရှိတယ်။ အဲ့ဒါကို ဘယ်လိုတားတား တားတုန်းခဏလေးပဲ။ တားတုန်းခဏနားပြီး ပြန်စုတယ်။ အဲ့ဒါကြောင့် သွားဖမ်းတာ” ဟု ကျွန်းစုမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။
ယင်းပျူစောထီးနှစ်ဦးကို လက်နက်တပ်ဆင်ပေးထားသည်ဟု သိရှိရသော်လည်း ၎င်းတို့ထံမှ သေနတ်ရှာမတွေ့ခဲ့ကြောင်း သိရသည်။
“ သူတို့ရဲ့ နေအိမ်မှာပဲတွေ့တာ။ ညင်သာစွာခေါ်လို့မရဘူး။ ကျတော်တို့သိထားတာလည်း သူတို့ လက်နက်ကိုင်ဆောင်ထားတယ်လို့လည်း သိရတယ်။ လက်ရှိတော့ ရှာလို့မတွေ့သေးဘူး။ အဖမ်းမခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းပျူစောထီးနှစ်ဦး၏ ရုပ်အလောင်းကို ညတွင်းချင်း စစ်ကောင်စီတပ်က လာကောက်သွားကြောင်း သိရသည်။