By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူများနှင့် မြို့တွင်းကျန်ရစ်နေသည့် ဒေသခံများအတွက် ဆေးကုသမှုများပြုလုပ်နိုင်ရန် ဆေးဝါးများလိုအပ်နေ ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉ ရက်မှ ဩဂုတ် ၂၀ ရက်ထိ လက်နက်ကြီးနှင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ ဦးရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅၀ ဦးထိရှိကြောင်းလည်း သိရသည်။
အဆိုပါတိုက်ပွဲကာလအတွင်း နယ်စည်းမခြားပရဟိတအသင်းမှ ဒဏ်ရာရသူများနှင့် ဒေသခံများ ဆေးကုသမှုခံယူနိုင် ရေးအတွက် အခမဲ့ ဆေးပေးခန်းဖွင့်လှစ်ပေးထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယခုကဲ့သို့ သီပေါမြို့အတွင်း တိုက်ပွဲများရက်ကြာလာသည်နှင့်အမျှ တိုက်ပွဲမဖြစ်မီစုဆောင်းထားသည့် ဆေးဝါးများသည်လည်း ကုန်ခါနီးဖြစ်လာသည့်အတွက် ဒေသခံများနှင့် ပရဟိတအဖွဲ့များ ဆေးဝါးမလုံလောက်မှုများ ပိုမိုတွေ့ကြုံ လာရခြင်းဖြစ်သည်။
“ သီပေါမှာတော့ ပရဟိတအဖွဲ့က ဖွင့်ထားတဲ့ ဆေးခန်းတွေမှာ ကုကြတယ်၊ အခုလောလောဆယ် ပရဟိတအဖွဲ့က လူနာတွေအတွက် အစစအရာရာလုပ်ပေးတယ်။ နေစရာ၊ ဆေးဝါးအကုန်စီစဉ်ပေးတယ်။ တိုက်ပွဲအခြေအနေ ဘယ်လိုလာမလည်းဆိုတာမသိတော့ ဆေးတွေလိုအပ်တယ်လို့ ပြောလာတယ်” ဟု သီပေါမြို့မှ စစ်ရှောင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် သီပေါမြို့ တိုက်ပွဲအတွင်း ဘေးလွတ်ရာသို့ တိမ်းရှောင်၍မရသဖြင့် မြို့တွင်း ကျန်ရစ်နေသော ကျန်းမာရေးမကောင်းသည့် ဒေသခံ ၄၀၀နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၄၀ ကျော်ကို နယ်စည်းမခြားပရဟိတအသင်းက ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေသည့်အပြင် အမျိုးသမီး ၁၀ ဦးကိုလည်း ကလေးမွေးဖွားမှုများပြုလုပ် ပေးနိုင်ခဲ့သည်ဟု ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။
တိုက်ပွဲများပြင်းထန်နေသည့် သီပေါမြို့ကို ဩဂုတ် ၁၉ရက်က စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် နောင်မွန်ကျေးရွာမှ အဖွားအိုတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လေးလုံးပျက်စီးခဲ့သည့်အပြင် သီပေါမြို့ရှိ ခလရ ၂၃ တပ်ရင်းမှလည်း လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းကြောင့် ကျောက်စုရပ်ကွက်ရှိ AAA ဆီသို လှောင်ကန်သို့ ကျရောက်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး နေအိမ်ငါးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ မနေ့ကတစ်ရက်ထဲ လေယာဉ်နဲ့ ပစ်တာကော၊ လက်နက်ကြီးနဲ့ လှမ်းတာကောကြောင့် နေအိမ် ၁၀လုံးနီးပါး ပျက်စီးသွားတယ်။ နောင်မွန်ကျေးရွာက ဒဏ်ရာရရသွားတဲ့ အဖွားရဲ့အခြေအနေတော့ မသိရသေးဘူး။ တိုက်ပွဲငြိမ်နေပေမဲ့ စစ်တပ်က လက်နက်ကြီးနဲ့မကြာခဏပစ်တယ်။ ဒီနေ့လည်း လေယာဉ် ခဏခဏဝဲနေတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၀ ကျော်ရှိနိုင်ပြီး ပျက်စီးမှုသည် ယခုထက်ပိုမိုများပြားနိုင်ကြောင်း ဒေသခံတစ်ဦးကလည်း ဆိုသည်။
သီပေါမြို့အတွင်း တိုက်ပွဲများပြင်းထန်နေမှုကြောင့် မြို့နှင့် အနီးဆုံးကျေးရွာများဖြစ်သော နေရာများသို့ ဒေသခံများ စစ်ရှောင်နေကြပြီး ဘော်ကြိုကျေးရွာ၌ လူဦးရေ ၆၀၀ကျော်၊ နောင်ကပ်ကျေးရွာ၌ လူဦးရေ ၁၀၀ကျော်၊ တိန်ချေးတိန်းစံရွာ၌ လူဦးရေ ၁၀၀ကျော်၊ ကျော်မဲမြို့နယ် နောင်ပိန်ကျေးရွာ၌ လူဦးရေ ၅၀၀ကျော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ စစ်ဘေးရှောင်နေသည့် ပြည်သူ ၂၀၀၀ ခန့်ရှိကြောင်းလည်း သိရသည်။
“ နောင်ပိန်ဘက်မှာတော့ စစ်ရှောင်ငါးရောကျော်လောက်ရှိတယ်။ ဒီမှာကတော့ နေရတာ အဆင်ပြေပါတယ်။ ကိုယ့်အိမ်လောက်တော့ ဘယ်အဆင်ပြေမှာလဲ၊ ကျောက်မဲ-သီပေါလမ်းပြန်ပွင့်ပြီလို့တော့ကြားပေမဲ့ တိုက်ပွဲက မပြီးသေးတော့ မပြန်ရဲသေးဘူး။ တိုက်ပွဲမြန်မြန်ပြီးစေချင်ပြီ၊ ဒါမှ အိမ်ပြန်ရမှာ” ဟု သီပေါမြို့မှ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်တွင် သီပေါမြို့အတွင်းကို တအာင်းတပ်တော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီး အကျဉ်းသား ၁၀၉ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
လက်ရှိ သီပေါမြို့တွင် စစ်ကောင်စီ၏ ခလရ ၂၃၊ ခလရ ၅၀၃/၅၀၄ တပ်ရင်းတို့ ကျန်ရှိနေသေးကာ၊ TNLA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
သီပေါမြို့တိုက်ပွဲနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများကို အသေးစိတ်သိရှိနိုင်ရန်အတွက် TNLA သတင်းနှင့် ပြန်ကြားရေးဌာနကို Signal နှင့် Telegram တို့မှ စာပို့ထားသော်လည်း ပြန်လည်ဖြေကြားမှုမရှိသေးပေ။