By Nway / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကာ သံဃာတစ်ပါးအပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၂၀ရက်) မွန်းလွဲ တစ်နာရီကျော်တွင် နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
“ လေကြောင်းက သုံးကြိမ်ပစ်တာ။ နှစ်ခါက ဗုံးကြဲပြီး နောက်ဆုံးတစ်ခါက လက်နက်တွေနဲ့ပစ်တာ။ ဗုံးက ကွမ်းအုံဘုန်းကြီးကျောင်းနဲ့ ဘေးနားက အိမ်တွေကိုကျတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ဒဏ်ရာရပြည်သူခြောက်ဦးအနက် သုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရသည်။
“ ဆေးဝါးကုသမှုကို နွားထိုးကြီးပကဖက စီစဉ်ပေးထားတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ဘုန်းကြီးကျောင်း ကို ဦးတည်ပစ်တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဩဂုတ် ၁၀ရက်မှ စတင်၍ နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် ကာကွယ်ရေးတပ်ဖွဲ့များက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) ဆင်နွှဲလျက်ရှိရာ စစ်ကောင်စီတပ်က ယင်းမြို့နယ်များရှိ အရပ်သားပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။