By Mandy / MPA
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီးရှိကျေးရွာများကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအလုံး ၇၀ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့( ဩဂုတ်၂၀ရက်)နံနက် လေးနာရီခွဲခန့်မှ နံနက် ခြောက်နာရီကျော်အထိ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံးသီး သုံးကြိမ်ကြဲချခဲ့ပြီး Y-12လေယာဉ် ဖြင့် ဗုံးသီးစုစုပေါင်း၆၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Tigyaing Revolution -TR က ဖော်ပြသည်။
“အဓိက ကတော့ သူတို့နား PDF တွေလာကပ်မှာစိုးလို့ ပစ်သွားတာပါ” ဟု Tigyaing Revolution မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုသည် ထီးချိုင့်မြို့အနီးရှိ နီတာ၊ နဝရတ်၊ စံပြနဲ့ ကုက္ကိုကုန်း ကျေးရွာတစ်ဝိုက်သို့ ပြုလုပ်သွားခြင်းဖြစ်ပြီး နီတာရွာမှ ပြည်သူတစ်ဦးနှင့် နွားသုံးကောင် ထိခိုက်မှုရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ထီးချိုင့်မြို့ကို ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့ပေါ်၌ ပြည်သူများ နေထိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီအသိုင်းအဝိုင်းနှင့်နီးစပ်သူအနည်းငယ်သာ နေထိုင်ကြောင်း ၎င်းကဆိုသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာတွင် တော်လှန်ရေးအင်အားစုများက ထီးချိုင့် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ထိုမအောင်မြင်သည့် မြို့သိမ်းတိုက်ပွဲပြီးချိန်မှစ၍ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့တွင် တပ်စွဲထားပြီး မြို့တွင်းနေရာတော်တော်များများကို လည်း မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။