တောင်ကိုရီးယားနှင့် အမေရိကန် တိုက်လေယာဉ် အစီးရေ ၂၀၀ကျော် ပါဝင်သည့် ပူးတွဲ လေကြောင်းလေ့ကျင့်မှုများ ငါးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားလေတပ်က ဩဂုတ် ၂၀ရက်တွင် ပြောကြားသည်။
ယခု ပူးတွဲလေကြောင်းလေ့ကျင့်မှုများသည် မြောက်ကိုရီးယား၏ အန္တရယ်များကို တားဆီးရေး ရည်ရွယ်သည့် နှစ်ရှည်စစ်ရေးလေ့ကျင့်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တောင်ကိုရီးယား လေတပ်က ပြောကြားသည်။
ရန်သူ့လေယာဉ်အတုနှင့် ခရုဇ်ဒုံးကျည်ကာကွယ်ရေးတို့ပါဝင်မည့် စစ်ရေးလေ့ကျင့်မှုများကို အနာဂါတ်တွင် ဖြစ်လာနိုင်သည့် လေကြောင်းတိုက်ပွဲများနှင့် တစ်ပုံစံတည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားတွင် အခြေစိုက်သော အမေရိကန်တိုက်လေယာဉ် အုပ်စုနှစ်စုမှ လေယာဉ်များ လေ့ကျင့်မှုတွင်ပါဝင်မည်ဖြစ်ကြောင်း ကြေညာချက်တစ်ရပ်မှာဖော်ပြထားသည်။
နျူကလီးယား လက်နက်များပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယား၏ ရန်ကို ပူးပေါင်းကာကွယ်ရေး အမေရိကန်က တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈၅၀၀ ချထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယားကြား နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တိုင်း မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချလေ့ရှိသည်။
ယခု လေကြောင်းပူးတွဲ လေ့ကျင့်မှုများကို ဩဂုတ်လ ၂၉ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကိုးရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာနိုင်သည်။
အလားတူ ပူးတွဲစစ်ရေးလေ့ကျင့်များသည် မိမိတို့ကို တိုက်ခိုက်ရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောဆိုထားသည်။
မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည်များနှင့် နျူကလီးယားစီမံကိန်းတို့ကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားကို တိုက်ခိုက်ရန် ရည်ရွယ်သည့် တာတိုပစ်ဒုံးကျည်များ အပါအဝင် ၎င်းတို့၏ လက်နက်စွမ်းပကားကို သိသိသာသာ တိုးမြှင့်ထားသည်။
မြောက်ကိုရီးယားက အမှိုက်များ တိရိစ္ဆာအညစ်အကြေးများပါဝင်သည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့ပြီး ဆိုးလ်ရောက် တက်ကြွလှုပ်ရှားသူများကလည်း ကေဒရမ်မာ ဇာတ်ကားများ၊ အခြားဝါဒဖြန့်စာရွက်စာတမ်းများကို မြောက်ကိုရီးယားဘက်သို့ ပို့ဆောင်ခဲ့ခြင်းကြောင့် တင်းမာမှုများမြင့်တက်နေသည်။
တောင်ကိုရီးယားသည် ယခင်က နယ်စပ်မှ နေ၍ အသံချဲ့စက်ကြီးများဖြင့် မြောက်ကိုရီးယားဘက်သို့ ဝါဒဖြန့်မှုများပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ တင်းမာမှုများ မြင့်တက်နေစဉ် မြောက်ကိုရီးယားက နယ်စပ်သို့ နျူကလီးယားလက်နက် ပစ်လွှတ်နိုင်သော လောင်ချာ ၂၀၀ ကျော်ကို ချထားလိုက်သည်။



