By Sayar Ngaat / MPA
မြန်မာနိုင်ငံအတွင်းရှိ တောတောင်များ၌ ကျက်စားနေသည့် ကျားများကို ထိန်းသိမ်းကာကွယ်မှုများ မပြုလုပ်ပါက တိရစ္ဆာန်ရုံ၌သာ မြင်တွေ့နိုင်မည့် အခြေအနေထိ ဖြစ်လာနိုင်ကြောင်း Native Species Conversations & Identification မှ ကိုဝင်းပိုင်ဦးက ပြောသည်။
“ ကျားထိန်းသိမ်းရေးက မြန်မာနိုင်ငံမှာ လုံးဝကို မလုပ်နိုင်ဘူး။ ဒီကာလမှာ သုညမှာဘဲ ရပ်နေရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ နောက်ဆုံး ဘယ်လောက်အထိ ဖြစ်သွားနိုင်လဲဆို၊ မြန်မာ့မြေ ပေါ်ကနေ ကျားလုံးဝ ပျောက်သွားတဲ့အထိ ဖြစ်သွားနိုင်တယ်။ တိရစ္ဆာန်ရုံမှာပဲ မြင်ရတော့တယ်၊ ပြင်ပလောကမှာ မမြင်ရတော့ဘူးဆိုတဲ့ အခြေအနေအထိကို ဖြစ်သွားနိုင်တယ်” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။
စစ်တပ်အာဏာမသိမ်းမီက တောတောင်များအတွင်း ကင်မရာထောင်ချောက်များအသုံးပြုကာ ကျားမျိုးစိတ်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သော်လည်း လက်ရှိ မဆောင်ရွက်တော့သည့်အတွက် ကျားကောင်ရေ အတိအကျ မသိရှိနိုင်တော့ဘဲ အရေအတွက်အားဖြင့် ကောင်ရေ ၁၀၀ အောက်တွင်သာရှိနိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြ သည်။
၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကင်မရာထောင်ချောက်များမှ ရရှိသည့် ကျားမှတ်တမ်းဓာတ်ပုံများအရ မြန်မာနိုင်ငံအတွင်း ကျားများကျင်လည် ကျက်စားသည့် နယ်မြေသည် နိုင်ငံ ဧရိယာ၏ ခုနစ်ရာခိုင်နှုန်းခန့်ရှိပြီး အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စားနေကြောင်း သစ်တောဦးစီးဌာန၏ ၂၀၁၉ခုနှစ် ထုတ်ပြန်များတွင် ဖော်ပြထားသည်။
တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ( World Wildlife Fund – WWF) ၏ စစ်တမ်းကောက်လေ့လာချက်အရ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် ကျားကောင်ရေ (၁၀၀၀)ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း၊ တစ်နှစ်လျှင်ပျမ်းမျှအားဖြင့် (၁၀၄)ကောင်မှ (၁၁၉)ကောင်နှုန်းဖြင့် ပျောက်ကွယ်နေကြောင်း သိရသည်။
“ အခုကာလမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့က ပိုပြီးတော့ အရေးကြီးတယ်။ လူတွေက ပြောကြတယ်။ ကျတော်တို့က ဘယ်အကောင်လေးကို ထိန်းသိမ်းပေးပါ၊ ဘယ်မျိုးစိတ်လေးက မျိုးသုဉ်းတော့မှာ စသဖြင့် ပြောတဲ့အခါမှာ နောက်ဆက်တွဲ ဘာဖြစ်လဲဆိုရင် မင်းတို့ကတော့ ပြောမှာပေါ့၊ လိုင်းပေါ်မှာတင် အာချောင်နေမှာပေါ့၊ ဒီမှာ ပြည်သူတွေတောင်သေနေတာ၊ ဒီအကောင်တွေကို ဘယ်သူက ထိန်းသိမ်းနိုင်မှာလဲ၊ ဟုတ်တော့ ဟုတ်ပါတယ်၊ စစ်ဖြစ်နေလို့ ထိန်းသိမ်းရေးကို ရပ်လိုက်တယ်ဆိုတာက မဖြစ်သင့်ဘူး၊ ဟိုးအရင်လောက် မထိန်းသိမ်းနိုင်ရင်တောင်မှ ကိုယ်တတ်နိုင်သလောက်တော့ လုပ်ရမှာပါပဲ၊ ၊ ကျတော်တို့ မလုပ်နိုင်ဘူးဆိုပြီး နေနေလို့ မရဘူး၊ လုပ်နိုင်သလောက်တော့ လုပ်နေရတယ်” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။
လက်ရှိတွင် ကျားများအပါအဝင် အခြားတောရိုင်းတိရစ္ဆာန်များကို တရားမဝင်နည်းလမ်းများဖြင့် ရောင်းချနေခြင်းများ ပိုမို ဆိုးရွားလာပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် ကျားများကို အရေခွံခွာပြီးရောင်းချနေခြင်းများအပြင် တောရိုင်းတိရစ္ဆာန်များကို အကောင်လိုက် ရောင်းချနေများရှိကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ကျားများကို ထိန်းသိမ်းရေး မလုပ်နိုင်ပါက ဖမ်းဆီးသတ်ဖြတ်ခြင်းများ မပြုလုပ်သင့်ကြောင်းနှင့် ထိန်းသိမ်းရေးဆိုသည်မှာ ကောက်ရိုးမီးကဲ့သို့ လုပ်လို့မရဘဲ ရေရှည်ဆောင်ရွက်သင့်သည့် ကိစ္စဖြစ်ကြောင်း ကိုဝင်းပိုင်ဦးက ဆိုသည်။
ယင်းအပြင် ကျားများသည် အသားစားသတ္တဝါများဖြစ်သည့်အတွက်ကြောင့် အစာကွင်းဆက်တွင် ထိပ်ဆုံးတွင်ရှိနေပြီး ၎င်းတို့ မျိုးသုဉ်းသွားပါက အစာကွင်းဆက်သည် ယိမ်းယိုင်သွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ပြောသည်။
“ အစားကွင်ဆက်အရဆို သတ္တဝါတွေက တစ်ကောင်နဲ့တစ်ကောင် အပြန်အလှန် ချိတ်ဆက်နေတယ်။ အကောင်ကြီးတွေလည်းဖြစ်၊ အသားစားသတ္တဝါလည်း ဖြစ်တဲ့ ကျားတွေ မရှိတော့ရင် အကောင်လတ်သတ္တဝါတွေက ပိုတိုးလာမယ်၊ အဲဒီအခါမှာ အစာကွင်းဆက်က မညီမမျှဖြစ်လာမယ်ပေါ့နော်၊ အဲ့ဒါကြောင့် ကျားတွေကို သေချာထိန်းသိမ်းဖို့လိုပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
ထို့ပြင် တောရိုင်းတိရိစ္ဆာန်များကို သတ်ဖြတ်နေသည့် သူများကိုလည်း အသိပညာများပေးရန်လိုအပ်ကြောင်း၊ စားဝတ်နေရေးကြောင့် သတ်ဖြတ်မှုများကို တားဆီးနိုင်ရန်အတွက် အလုပ်အကိုင်အခွင့်လမ်းကိုလည်း ဖန်တီးပေးရန်လိုကြောင်းနှင့် ထိန်းသိမ်းရေးစခန်းများသတ်မှတ်ကာ စနစ်တကျ =လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (International Union For Conservation Of Nature and Natural Resources – IUCN) က ထုတ်ပြန်ထားသော ခြိမ်းခြောက်မှုခံနေရသည့် မျိုးစိတ်များစာရင်းတွင် ကျားများကို မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် ထည့်သွင်းထားသည်။




