By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က မီးရှို့နေကြောင်းသိရသည်။
ယနေ့ (ဩဂုတ် ၂၀ရက်) နေ့ခင်း ၁၁နာရီဝန်းကျင်က ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က မီးရှို့နေသည်ကို အဝေးက မြင်တွေ့နေရကာ ရှို့သည့်နေရာ အတိအကျကို မသိရသေးကြောင်း 96 Soldier PDF အညာတပ်ခွဲမှ ရဲဘော်မန်းလေးကဆိုသည်။
“ အတိကျမသိရသေးဘူးဗျ။ မီးခိုးလုံးပဲမြင်ရတယ်ဗျ။ သူတို့ဆက်ပြီး ရှို့မယ်ဆိုရင်တော့ ကြီးနိုင်တယ်ဗျ။ ခုထိတော့မကြီးသေးဘူး” ဟု ၎င်းက ယနေ့မွန်းလွဲ၁၂နာရီခွဲခန့်တွင် MPAသို့ ပြောသည်။
ဒီပဲယင်းမြို့ကို ဩဂုတ် ၁၈ရက်တွင် PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် PDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။
“ အင်အားက၁၅၀လောက်ရှိတယ်ဗျ။ တပ်စွဲထားတဲ့နေရာကတော့ တော်လှန်ရေးတပ်တွေက ဆုတ်ပေးထားတော့ အတိကျမသိရသေးဘူးဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
ဒီပဲယင်းမြို့ပေါ်တွင် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသည့် ပြည်သူအနည်းငယ်လည်း ကျန်ရှိနေသေးကြောင်း သိရသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် ပျူစောထီးနှစ်ဦး အလံဖြူထောင်၍ လက်နက်ချပြီး Non CDM ဝန်ထမ်း ၄၁ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၈၀ကို ကောင်းမွန်စွာထိန်းသိမ်းထားကာ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးထားကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။