By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီး ၂၉ဦးတို့မှာ PDFတို့ တိုက်ခိုက်သမျှ အသေခံရမည့် အခြေအနေကို သိရှိကာ အလင်းဝင်လာကြကြောင်း သိရသည်။
မြိုင်မြို့နယ်တွင် ဝက်ပုတ်ပျူရွာ၊ ကန်နီပျူရွာ၊ သရက်ကန်ပျူရွာ၊ သရက်ကွပျူရွာနှင့် တွင်းမပျူရွာတို့ရှိပြီး ဩဂုတ် ရှစ်ရက်၌ ဝက်ပုတ်ပျူရွာကို PDFပူးပေါင်းတပ်ဖွဲ့က အပြီးသတ်တိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက် ကန်နီပျူရွာမှ ပျူစောထီးကိုးဦးနှင့် သရက်ကွပျူရွာမှ ပျူစောထီး ၂၀ တို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပကဖထံက သိရသည်။
“ သူတို့လည်း သတင်းကကြားနေရတယ်။ ကျတော်တို့သိမ်းပြီး စစ်ကူတို့ ရိက္ခာတို့ကလည်း လေကြောင်းပဲလာရဲတာ။ အောက်ကနေ သိပ်မလာရဲဘူး။ အဲ့တော့ ဒီဟာသိမ်းနိုင်ပြီး(ဝက်ပုတ်ပျူရွာကို သိမ်းနိုင်ပြီး) နောက်ထပ်ရတဲ့ ရလဒ်ပေါ့” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်း ၂၉ဦးမှာ ပျူစောထီးသင်တန်းဆင်းပြီးသားများဖြစ်ပြီး လက်နက်ကိုင်ရသည့်ပျူစောထီး ငါးဦးပါဝင်ကြောင်း သိရသည်။
“ သင်တန်းကပေးပြီးပြီ။ လက်နက်ကိုအပ်မထားဘူး။ ကန်နီက လက်နက်ကိုင် ကင်းစောင့်တဲ့သူ သုံးယောက်ပါမယ်။ သရက်ကွက နှစ်ယောက်ပါတယ်။ ကင်းစောင့်ပြီး သေနတ်ကတော့ ပြန်သိမ်းတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကန်နီပျူရွာခေါင်းဆောင် ကျော်ဆန်းဝင်းသည် ပြည်တွင်း၊ ပြည်ပမှ ရွာသို့ လွှဲသည့် ငွေများကို သိမ်းယူပြီး ပိုက်ဆံအတုထုတ်ကာ ၎င်းနာမည်ပါ တံဆိပ်တုံးများထုပြီး ရွာထဲ၌ အသုံးပြုခိုင်းကြောင်း သိရသည်။
“ ပြည်တွင်း၊ ပြည်ပကလွှဲတဲ့ ငွေ၁၀သိန်း၊ ၁၅သိန်းကို သိမ်းထားတာ။ သိမ်းထားပြီးတော့မှ ပရင့်ထုတ်ပြီး တံဆိပ်တုံး ရိုက်ပြီး ရွာထဲမှာ ဝယ်တာစားတာ လုပ်နေရတာ” ဟု ၎င်းကပြောသည်။
ဝက်ပုတ်ပျူရွာကို ဩဂုတ် ရှစ်ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကာအယောက် ၂၀ ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖကထုတ်ပြန်ထားသည်။



