By Ko Paing / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ခံစစ်ပြင်နေကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီး ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် သြဂုတ် ၁၉ ရက်၊ မွန်းလွဲပိုင်းမှ စတင်ကာ ငါန်းဇွန်မြို့ပတ်ပတ်လည်၌ စစ်ကောင်စီတပ်က ခံစစ်ပြင်နေခြင်းဖြစ်ကြောင်း ငါန်းဇွန်မြို့ခံထံက သိရသည်။
“PDF တွေ ဝင်တိုက်မှာစိုးလို့ မြို့ပတ်ပတ်လည်ကို ခံစစ်ပြင်ဖို့တပ်စွဲဖို့ လိုက်ကြည့်နေတဲ့ သဘော။ငါန်းမြာကြီးရွာထဲကိုလည်း စစ်သားနဲ့ပျူတွေ ၁၀၀ လောက်ဝင်တယ်။ရဲစခန်းက မီးရှို့ခံလိုက်ရတော့ သူတို့လည်း ဖွဲ့စည်းပုံပျက်ပြီး ရွာထဲမှာပဲနေကြတယ်” ဟု ငါန်းဇွန်မြို့ခံတစ်ဦးက MPAသို့ ပြောသည်။
ငါန်းဇွန်မြို့နယ်တောင်ဘက်အရပ်ရှိ ရွှေစေတီဘုရားကုန်း၊သံကုန်းရွာနှင့်ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်က ခံစစ်ပြင်နေကြောင်းသိရသည်။
ဩဂုတ်၁၉ရက်နံနက်ပိုင်းတွင် ငါန်းမြာကြီးရဲစခန်းကို ဒေသတွင်းPDFပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနတ် ကိုးလက်သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း ခုနှစ်ဦး ဖမ်းမိခဲ့ကြောင်း ယင်းရဲစခန်းကို သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးကာ PDF တပ်များ ပြန်လည်ဆုတ် ခွာသွားကြကြောင်း သိရသည်။
စခန်းသိမ်းခံရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သော်လည်း PDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။