By Zwe Ko /MPA
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် စပါးခင်းများအတွက် စစ်ကောင်စီက ကူညီထောက်ပံ့မှုမရှိသည့်အပြင် လယ်ယာလုပ်ငန်းသွင်းအားစု ပစ္စည်းများ၏ စျေးနှုန်းများမြင့်တက်လာသည့်အတွက် စပါးပြန်မစိုက်နိုင်တော့ဘဲ တောင်သူများ ဒုက္ခရောက်နေရကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လလယ်မှ စတင်ကာ ဧရာ၀တီမြစ်ရေ၊ မြစ်မခမြစ်ရေ မြင့်တက်လာမှုကြောင့် သာယာ၀တီခရိုင်အတွင်းရှိ စပါးခင်းဗျား ဆယ်ရက်ကျော်ခန့် ရေနစ်မြုပ်ပြီး လယ်ဧက တစ်သိန်းနီးပါး ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၄၀ အရွယ် တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“အစ်မတိုအုတ်ဖိုမှာတင် ပျက်စီးတာ ဧက တစ်သောင်းကျော်တယ်။ အကုန်ပြောင်သွားတဲ့စပါးခင်းတွေလည်းရှိတယ်။အပင်အနည်းပါးကျန်ခဲ့တာတွေလည်းရှိတယ်။ သူတို့(စစ်တပ်)အုပ်ချုပ်ရေးမှူးတွေတော့ လိုက်ပြီးစာရင်းကောက်တာပဲ၊ အဲ့ဒါ အခုချိန်ထိ အကြောင်းလည်းမပြန်သလို ဘာအကူအညီမှလည်းမရဘူး။ အဲဒီတော့ အစ်မတို့လည်း ပြန်စိုက်ဖို့ စပါးမျိုး၊ ဓာတ်မြေဩဇာတွေဝယ်ဖို့ အရင်းအနှီးတွေကမရှိတော့ ပြန်မစိုက်ဖြစ်တော့ဘူး”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ဆန်းစပါး အသင်းချုပ်အနေဖြင့် ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအား ဓာတ်မြေဩဇာ၊ စပါးမျိုးနှင့် လိုအပ်သည့် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးမည်ဟု ဇူလိုင် ၂၅ရက်တွင် ကြေညာခဲ့သော်လည်း လက်ရှိအချိန် တောင်သူများထံသို့ မည်သည့်အကူအညီမှ ရောက်ရှိလာခြင်းမရှိသေးပေ။
“ဘယ်အဖွဲ့ကမှ အခုချိန်ထိ ဘာမှ မရသေးတာ၊ မရတဲ့ အပြင်ကို ကိုယ့်ရှိတဲ့ငွေလေးနဲ့ ပျက်သွားတဲ့လယ်တွေပြန်စိုက်ဖို့ လုပ်နေရတယ်။ တစ်ချို့စပါးခင်းတွေက မြေဆီ(ဓာတ်မြေဩဇာ)ကျွေးရင် ပြန်ကောင်းလာနိုင်တယ်။ အဲ့ဒါ စပါးမျိုးတွေ မြေဆီဈေးတွေသွားမေးတာ ဈေးတွေ တက်ကုန်လို့ ပြန်လာရတယ်။ နှစ်သောင်း၊ သုံးသောင်းလောက်တက်သွားတာ၊ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပုလဲတစ်အိပ် ရှစ်သောင်းကျော်လေ၊ အခု တစ်သိန်းနှစ်သောင်းနီးပါးလောက်ဖြစ်သွားတာ၊ စပါးခင်းတွေလည်း ဒီတိုင်းပဲထားလိုက်ရတယ်”ဟု မင်းလှ မြို့နယ်မှ အသက်၅၀အရွယ် တောင်သူအမျိုးသား တစ်ဦးက ပြောသည်။
ထိုကဲ့သို့ စပါးခင်းများ ပျက်စီးခဲ့ခြင်းကြောင့် တောင်သူများသည် ကြွေးတင်ခဲ့သည်သာ အဖတ်တင်ခဲ့ပြီး စစ်ကောင်စီက ကူညီထောက်ပံ့မှု တစ်စုံတစ်ရာမပေးသည့်အပြင် စစ်မှုထမ်းများအတွက် ထောက်ပံ့ကြေးဟုဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံမှုများပင် ပြုလုပ်နေကြောင်း မိုးညိုမြို့နယ်မှ အသက် ၃၀အရွယ် တောင်သူ အမျိုးသားတစ်ဦးက ရှင်းပြသည်။
“ တစ်အိမ် သုံးသောင်းအနည်းဆုံးတောင်းတယ်။ တစ်ချို့ရွာတွေဆိုရင် ငါးသောင်း၊ ခြောက်သောင်းပေးရတယ်။ မပေးရင်လို့လည်းမရဘူး။ သူတို့(အုပ်ချုပ်ရေးမှူး)က စစ်တပ်ခေါ်ပြီး ဖမ်းခိုင်းမယ်လုပ်တာ၊ အဲ့ဒီတော့ မရှိတဲ့ကြားထဲကကို ပေးနေရတာ၊ အကိုတို့မှာက လယ်တွေပျက်လို့ စိတ်ညစ်ရတဲ့အထဲ စစ်မှုထမ်းကိစ္စကြီးက လတိုင်းလိုလို ပေးနေရတော့ ကြာလာလေ ပိုဒုက္ခများလာလေပဲ” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများထပ်မံ ထုတ်ချေးပေးမည်ဟု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ပြောဆိုနေသော်လည်း ယနေ့အထိ အကောင်ဖော်မှုမရှိသေးကြောင်း လက်ပံတန်းမြို့မှ အသက် ၄၀ အရွယ် တောင်သူအမျိုးသမီး တစ်ဦးက ပြောသည်။
“အချိန်က နောက်ကျနေပြီလေ၊ ဘယ်လိုလုပ်ပြန်စိုက်လို့ရတော့မှာလည်း၊ တကယ်လယ်သမားတွေကို ကူညီချင်တယ်ဆို အချိန်အခါမီထုတ်ချေးပေးသင့်တာ၊ လယ်တွေပျက်လိုပြန်ထုတ်ချေးပေးမဲ့ ငွေမပြောနဲ့ မိုးစပါးချေးငွေအတွက် တစ်ဧက တစ်သိန်းခွဲပဲထုတ်ချေးပေးတာ၊ မြေဆီတစ်အိပ်တောင်ဝယ်မရဘူး။ အခုမြေဆီ ၁၅ပတ်လည် တစ်အိပ်ကို နှစ်သိန်းနား ကပ်နေ်တာလေ၊ စစ်တပ်က ပြည်သူတွေကို ကူညီဖို့မစဉ်းစားဘူး။ ဖမ်းမယ်၊ ငွေတောင်းမယ်ဘဲ တွေးနေတာ” အထက်ပါ အမျိုးသားက ပြောသည်။
ထို့ပြင် စစ်ကောင်စီက ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများကို စျေးနှုန်းအကန့်အသတ်ဖြင့် ရောင်းချခိုင်းသော်လည်း လက်တွေ့ဝယ်ယူရသည့် တောင်သူများသည် စျေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူရသည့်အပြင် စပါးစျေးနှုန်းများ လည်း ကျဆင်းနေသဖြင့် တောင်သူများ ပိုမိုခက်ခဲနေခြင်းလည်းဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး သွင်းအားစုကုန်ကျစရိတ် သုံးဆခန့်မြင့်တက်လာပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများတွင်လည်း တောင်သူများသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်၍ မရဘဲ နေရပ်စွန့်စွာ စစ်ဘေးရှောင်နေရသည်။
ထို့ပြင် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာ၀ဘေးအန္တရာယ်များကိုလည်း တောင်သူများ ခံစားကြုံတွေ့နေရပေသည်။
ယခင်နှစ်များတွင်လည်း ရေကြီးရေလျှံမှု၊ မိုးခေါင်မှုများကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း စစ်ကောင်စီက ထိရောက်သည့် ကူညီမှုများလည်း ရရှိခဲ့ခြင်းမရှိသေးပေ။