By Sayar Ngaat / MPA
မြန်မာနိုင်ငံရှိ လိပ်မျိုးစိတ် ၂၀ခန့် မျိုးသုဥ်းမှုအန္တရာယ်ကို အဆိုးဆုံး ရင်ဆိုင် ကြုံတွေ့နေရကြောင်း Native Species Conversations Identification မှ ကိုဝင်းပိုင်ဦးက ပြောသည်။
လိပ်မျိုးစိတ်ပေါင်း ၃၀ရှိသည့်အနက် ၂၀ခန့်သည် မျိုးသုဥ်းမှုအန္တရာယ်ကို ရင်ဆိုင်နေခြင်းဖြစ်ပြီး ယင်းအရေအတွက်သည် မြန်မာနိုင်ငံရှိ လိပ်မျိုးစိတ်များ၏ ၇၀ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ လိပ်တွေနဲ့ ပက်သတ်ပြီး တရားဥပဒေစိုးမိုးမှုတွေက အရမ်းကို နည်းတယ်။ လိပ်တွေကို ဖမ်းဆီးသတ်ဖြတ်နေတာတွေလည်း အရေးယူတဲ့ ဥပဒေမရှိဘူး၊ ကျားတစ်ကောင်ကို သတ်နေတယ်မြင်ရင် လူတွေက ကျားက မျိုးသုဥ်းခါနီးနေတာကို သတ်တယ်ဆိုပြီး ပြောကြပေမယ့် လိပ်တွေကို သတ်နေတာကျ မပြောကြဘူး။ အကောင်ကြီးတွေထက်စာရင် အကောင်သေးဖြစ်တဲ့ လိပ်တွေက မျိုးသုဥ်းမှုအန္တရာယ်က အရမ်းကို ကြီးမားနေပြီ၊ လိပ်တွေ ခြောက်ကောင် ခုနှစ်ကောင်လောက်ပဲ ကျန်တော့တဲ့ အခြေအနေမျိုးအထိလည်း ရောက်သွားနိုင်တယ်” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လိပ်ဝါ၊ ကြယ်လိပ်၊ တောင်လိပ်ကြီး၊ လိပ်မောင်း၊လိပ်ကြက်တူရွေး၊ တောင်ပိုင်းသောင်လိပ်၊ မြောက်ပိုင်းသောင်လိပ်၊ တိုက်လိပ်၊ လိပ်ရင်ကျိုး၊ ကံလိပ်၊ ဖက်လိပ်၊ ဆောက်လိပ်၊ ရခိုင်တောင်လိပ်၊ သင်ပေါင်းလိပ်၊ နေကြာပန်းလိပ်၊ လိပ်ချေးပန်း၊ ခေါင်းကျားလိပ်၊ လိပ်မည်း၊ လိပ်ဘီးဝန်း၊ လိပ်ခေါင်းသေး၊ လိပ်ဖရဲ၊ လေးကွက်လိပ်၊လိပ်ခွေး၊ ပြင်သာလိပ်၊ စောင်းလျားလိပ်၊ လိပ်စွန်/လိပ်ကြက်တူရွေး၊ လိပ်လှောင်း စသည့် လိပ်များ ရှင်သန်ကျက်စားနေကြောင်း မြန်မာ့လိပ်မျိုးစိတ်များအမျိုးအစားခွဲခြားခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအဖွဲ့အစည်း Turtles & Tortoises of Myanmar၏ စာရင်းများအရ သိရသည်။
ကမ္ဘာပေါ်တွင် လိပ် မျိုးစိတ်ပေါင်း ၃၀၀ ခန့် ပေါက်ပွားရှင်သန်နေထိုင်ကြောင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (International Union For Conservation Of Nature and Natural Resources – IUCN) ၏ မှတ်တမ်းများအရ သိရှိရပြီး မြန်မာနိုင်ငံတွင် ပင်လယ်လိပ်ငါးမျိုး၊ ကုန်းလိပ်နှင့် ရေလိပ် ၂၇ မျိုး စုစုပေါင်း ၃၂ မျိုးပေါက်ပွားရှင်သန်ကြောင်း၊ ကုန်းလိပ်နှင့်ရေလိပ်၂၇မျိုးတွင် ကမ္ဘာပေါ်တွင် မည်သည့်နေရာမျှမရှိဘဲ မြန်မာနိုင်ငံတွင်သာရှိသည့် ဒေသရင်းလိပ်မျိုးစိတ်ရှစ် မျိုးပါဝင်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) (Wildlife Conservation Society-WCS (Myanmar Program)၏ မြန်မာ့လိပ်များစာအုပ်အရ သိရသည်။
မြန်မာနိုင်ငံရှိ လိပ်မျိုးစိတ်များအနက် တိုက်လိပ်နှင့်ကြယ်လိပ်များသည် အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCNက မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်အဖြစ် အနီရောင်စာရင်းတွင် ထည့်သွင်းထားပြီး ထိန်းသိမ်းကာကွယ်မှုများ လိုအပ်လျက်ရှိသည်။
သို့သော်လည်း လိပ်များကို ဖမ်းဆီးကာ စားသောက်ခြင်း၊ ပြည်တွင်းသာမက အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံဘက်သို့ ရောင်းချခြင်းများလည်းရှိကြောင်း ကိုဝင်းပိုင်ဦးက ပြောသည်။
” ကချင်ပြည်နယ်ဘက်မှာဆိုလည်း လိပ်တွေကို အရှင်ဖမ်းတယ်။ ပြီးရင် ကြိုးတွေနဲ့ ချည်တယ်။ လိပ်အခွံတွေကို အပေါက်တွေ ဖောက်တယ်။ တွဲလောင်းတွေ ဆွဲထားတယ်၊ ပြည်တွင်းမှာ ပြန်ရောင်းတာတွေရော၊ တရုတ်ဘက်ကို ပြန်ရောင်းတာတွေရော ရှိတယ်။ တရုတ်ပြည်ဘက်မှာ လိပ်ကို စားတယ်ဆိုတာက သူတို့ဘက်မှာ ပေါတဲ့လိပ်တွေကို မွေးမြူရေးလုပ်တယ်။ ပြီးတော့ သားဖောက်ပြီး စားကြတာ၊ ကျတော်တို့ဆီမှာကျ လိပ်မွေးမြူရေးဆိုတာတွေ မရှိဘူး၊ တောထဲ၊ ရေထဲက လိပ်တွေကို ဖမ်းပြီး သတ်စားနေတဲ့ဟာတွေက အဆင်မပြေတော့ဘူး “ ကိုဝင်းပိုင်ဦးက ဆက်လက် ရှင်းပြသည်။
၂၀၀၀ပြည့်နှစ်ဝန်းကျင်က မြန်မာနိုင်ငံတွင်တိုက်လိပ်များသည် မျိုးသုဥ်းပျောက်ကွယ်လုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် တိုက်လိပ်အရေအတွက် ခြောက်ကောင်၊ ခုနှစ်ကောင်ခန့်သာ ကျန်ရှိတော့ကာ အချိန်မီ ထိန်းသိမ်းကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည့်အတွက် ယနေ့အချိန်ထိ ကျန်ရှိနေခြင်းဖြစ်ပြီး ဆက်လက်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ပြောသည်။
“ တိုက်လိပ်တွေက အစာစားတဲ့အချိန်လောက်ပဲ ရေထဲကို ဆင်းတာ၊ ပြီးရင် သောင်ပြင်ပေါ်မှာ တစ်နေကုန်နေကြတယ်။ အိပ်နေတဲ့အခါဆို ဘာမှ မလိုဘူး။ ကောက်ကိုင်လိုက်ရုံနဲ့ ဖမ်းရတယ်။ တစ်ခြားလိပ်တွေလို ဖမ်းနေစရာ မလိုဘူးလေ၊ အဲ့ဒါကြောင့် အရင်က မျိုးသုဉ်းလုနီးပါး အခြေအနေကို ဆိုက်ရောက်သွားတာပေါ့၊ အခုလည်း ဆက်ပြီး မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့ လိုပါတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
ထို့ပြင် လိပ်များ၏ သားပေါက်ရာသီတွင် ဥများကို တူးယူခြင်း၊ တောရိုင်းတိရစ္ဆာန်စျေးကွက်တွင် ရောင်းချခြင်း၊ စားသုံးကြခြင်းများရှိနေပြီး ၎င်းတို့ ကျက်စားရာဒေသများ၌ ရွှေတူးခြင်း၊ သဲတူးခြင်းတို့ကြောင့် နေရင်းဒေသများ ပျောက်ဆုံးကာ မျိုးသုဥ်းမည့် အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ၎င်းက ရှင်းပြသည်။
၂၀၁၀ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် တွားသွားသတ္တဝါမျိုးစိတ်များတွင် မြန်မာနိုင်ငံမှ(၂၄)မျိုး ပါရှိပြီး အများဆုံးမှာ လိပ်မျိုးစိတ်များ ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ဖော်ပြချက်များအရ သိရသည်။