ဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှင်နာဝါထရာသည် အာမခံဖြင့် ထောင်ဒဏ်မှလွတ်မြောက်နေသည့်ရက်မှာ ဩဂုတ်လ ၁၈ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး သက်တမ်းကုန်ခါနီးအချိန်တွင် ထိုင်းဘုရင်က ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုလိုက်သည်။
သက်ဆင်အား ဘုရင်ကပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလိုက်ခြင်းသည် ၎င်း၏သမီးအား ဝန်ကြီးချုပ်အသစ်အဖြစ် နန်းတော်ကအတည်ပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အကျဥ်းထောင်များတွင် ကောင်းစွာနေထိုင်သော အကျဥ်းသား၇၅၀၀ ကို ဘုရင်က၎င်း၏မွေးနေ့အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရာတွင် သက်ဆင်ပါဝင်လာခြင်းဖြစ်ကြောင်း ၎င်း၏ရှေ့နေ ဝန်ယတ်ချာမွန်ထရီ ကပြောကြားသည်။
အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်သည့် သက်ဆင်သည် စွဲချက်များစွာအတွက် ချမှတ်ခံရမည့် ထောင်ဒဏ်ကိုရှောင်ရှားရန် ပြည်ပသို့ ၁၅ နှစ်ကြာတိမ်းရှောင်နေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းကမှ ထိုင်းနိုင်ငံသို့ပြည်တော်ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ၎င်းကိုလိုလားသော နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအနိုင်ရပြီးနောက် မိခင်နိုင်ငံသို့ ပြန်ရောက်လာခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်က နိုင်ငံခြားသတင်းဌာနတစ်ခုနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ၎င်း၏ပြောဆိုမှုနှင့်ပတ်သက်၍ ထိုင်းနန်းတော်လိုလားသူများက နန်းတော်စော်ကားမှုဆိုင်ရာဥပဒေဖြင့် စွဲချက်တင်ထားခဲ့ခြင်းဖြစ်သည်။
၎င်းသည် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရမည်ဖြစ်သော်လည်း ဘုရင်ကထောင်ဒဏ်တစ်နှစ်သာကျခံစေရန် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည်။
ယင်းမှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၎င်းအာဏာရှိစဉ်ကာလက အာဏာအလွှဲသုံးစားပြုမှုနှင့် အကျိုးစီးပွားပဋိပက္ခဖြစ်မှုများအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
နိုင်ငံရေး ဟဲဗီးဝိတ်တစ်ဦးဖြစ်သူသက်ဆင်၏ မိသားစုထဲမှ တတိယမြောက်တစ်ဦး ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်တွင် သက်ဆင်သည်နန်းတော်နှင့်လည်း ဆက်ဆံရေးကောင်းမွန်နေပုံရကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


