By Zwe Ko / MPA
စစ်ကောင်စီတပ်ဖွဲ့များ စိုးမိုးနယ်မြေတစ်ခုဖြစ်သည့် ပဲခူးတိုင်း၊ သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၅ရက်မှ စတင်ကာ လက်ရှိချိန်ထိ သာယာ၀တီခရိုင်အတွင်း စစ်မှုထမ်းအပတ်စဉ် လေးအတွက် စစ်မှုထမ်းရန် အမည်စာရင်းပါသူများကို အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်လိုက်လံ ခေါ်ဆောင်မှုများရှိသလို လမ်းသွားလမ်းလာလူငယ်များကိုလည်း အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများက ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်သည်ဟု သာယာ၀တီမြို့နယ်မှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ အမည်စာရင်းပါတဲ့သူတွေက ရှောင်ပြေးကုန်ကြပြီ၊ စစ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ခုရက်ပိုင်း ရွာတွေဘက်ကို ခဏခဏဆင်းပြီး အိမ်တွေကို သွးသွားရှာတယ်။ ပါသွားတယ်တော့ အသံမကြားဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်ပံတန်းမြို့တွင်လည်း အမည်စာရင်းပါသူများ ထွက်ပြေးတိမ်းရှောင်သွားခြင်းကြောင့် လမ်းသွားလမ်းလာ ပြည်သူများကို စစ်တပ်က ဖမ်းဆီးမှုများပြုလုပ်နေကြောင်း လက်ပံတန်းမြို့ပေါ်နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ မြို့ပေါ်မှာ အခုရက်ပိုင်း စစ်သားတွေ ခြေရှုပ်နေတယ်။ ဂိတ်တွေမှာ နေရာယူထားတာ၊ ဆိုင်ကယ်ဖမ်းသလိုနဲ့ လူငယ်တွေဆို တစ်ခါတည်းခေါ်ထားတယ်။ ရွာတွေဘက်လည်း ဆင်းဖမ်းနေတယ်။ မနေ့က အုတ်ဖိုစုရွာက နှစ်ယောက်၊ ထန်းပင်ချောင်ရွာကတစ်ယောက်၊ ရွှေဘိုစုက တစ်ယောက်ပါသွားတယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် မင်းလှမြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းရန်အတွက် လူစုပေးနေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်မှုများ ဖြစ်ပေါ်နေသောကြောင့် လူစုမပေးရဲတော့ဘဲ စစ်တပ်ကို ဖမ်းဆီးမှုများပြုလုပ်ခိုင်းကြောင်း မင်းလှမြို့မှ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
“ အုပ်ကြီးတွေက ရွာတွေမှာ မနေရဲကြတော့ဘူး။ ထွေအုပ်ရုံးမှာပြောင်းနေကြတယ်။ အုပ်ချုပ်ရေးယန္တရားပျက်သွားတဲ့ အခြေအနေဖြစ်နေတာ၊ အဲ့ဒီတော့ မြို့လယ်ခေါင်မှာကို စစ်သားတွေရဲတွေက ပေါ်ပေါ်ထင်ထင် လူဖမ်းနေတာ၊ ပြီးတော့ရွာဘက်တွေ ဆင်းတဲ့ လမ်းထိပ်တွေမှာ စစ်သားတွေ၊ ရဲတွေစောင့်နေတာ၊ ပြီးတော့ တာဆုံမှာရော ကားတွေကို စစ်နေတာ၊ အမသိတာတင် ဝက်ကားပေါ်ပါလာတဲ့ ကောင်လေးတွေကိုလည်း ဖမ်းသွားတယ်။ မြို့ပေါ် စျေးတက်ရောင်းတဲ့ စျေးသည်ကောင်းလေး သုံးယောက်လဲအဖမ်းခံရတယ်။ ထန်းပင်ကုန်းဘက်သွားတဲ့လမ်းမှာလည်း ကောင်လေးနှစ်ယောက်ပါသွားတယ်” ဟု ၎င်းက ရှင်းပြသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းပြီးနောက် ရပ်ကွက်၊ ကျေးရွာများ၌ လူငယ်၊ လူလတ်ပိုင်းစာရင်းများ လိုက်လံကောက်ယူမှုများရှိခဲ့ပြီး သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်များ၌ ဧပြီလမှ စတင်ကာ ပထမအသုတ်အဖြစ် စစ်မှုထမ်းရန် စတင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
“ ပထမအသုတ်က လူငယ်တွေလည်း ရှေ့တန်းပို့ခရတယ်လို့ကြားတယ်။ ရခိုင်တို့ ရှမ်းတို့ဘက် အပို့ခံရတယ်။ အန်တီတစ်ယောက်ဆို သူ့သားနဲ့ အဆက်အသွယ်ပြတ်သွားလို့ ခဏခဏလာပြောပြတယ်။ သေသွားပြီလို့လည်းကြားတယ်။ သူတို့(စစ်ကောင်စီ) အစကလာခေါ်တော့ ရှေ့တန်းမပိုဘူးလို့ပြောခေါ်သွားတာတဲ့ အခုအဆက်အသွယ်လည်းမရ၊ ပိုက်ဆံလည်းပြန်မပို့တော့ အဲ့ဒီအန်တီကြီး တော်တော်ဒုက္ခရောက်နေတာ၊ အဲ့ဒါကြောင့် နောက်လူငယ်တွေလည်း လန့်ကုန်ပြီး ထွက်ပြေးကြတာ၊ စစ်တပ်က လူလည်းစုမရတော့ တွေ့ရာလူဖမ်းထည့်နေတာ” ဟု အုတ်ဖိုမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
သာယာ၀တီခရိုင်အတွင်း ပြီးခဲ့သည့် စစ်မှုထမ်း အပတ်စဉ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းလူစားထိုး အငှားခေါ်ရန်အတွက်ဟုဆိုကာ ငွေကြေးကောက်ခံမှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့သော်လည်း ယခုအပတ်စဉ် လေးတွင် အုပ်ချုပ်ရေးမှူးအချို့သာ ငွေကြေးကောက်ခံမှု ပြုလုပ်နေလျက်ရှိသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေးများဖြစ်ပေါ်ခဲ့ကာ စစ်ကောင်စီသည် မြို့အများအပြားလက်လွှတ်ဆုံးရှုံးခဲ့ရသည့်အပြင် စစ်သားအင်အားနည်းပါးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်သည်။
သို့သော် လူငယ်၊ လူလတ်ပိုင်းများသည် စစ်ကောင်စီလက်အောက်တွင် စစ်သားအဖြစ် လုပ်ဆောင်လိုခြင်းမရှိသောကြောင့် လွတ်မြောက်နယ်မြေများ၊ တော်လှန်ရေးတပ်ဖွဲ့များထံဝင်ရောက်ခြင်းနှင့် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်မှုများ ပြုလုပ်လျက်ရှိသောကြောင်း စစ်ကောင်စီက အဓမ္မလူစုဆောင်းမှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကမှု စစ်မှုထမ်းအတွက် လူခေါ်ရာတွင် အတင်းအဓမ္မခေါ်ယူခြင်းမရှိဘဲ၊ အလှည့်ကျစနစ်နှင့် စစ်တပ်ထဲသို့ဝင်လိုသည့် လူငယ်များသာ ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောသော်လည်း မြေပြင်အချက်အလက်များနှင့် လွန်စွာကွဲလွဲလျက်ရှိနေပေသည်။
ယင်းအပြင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူများကိုလည်း ရှေ့တန်းမပို့ဘဲ နောက်တန်း၌သာထားရှိမည်ဟု စစ်တပ်ဝါဒဖြန့်သူများက ပြောဆိုနေသော်လည်း လက်တွေ့၌ စစ်သင်တန်း သုံးလတက်ရောက်ပြီး ရှေ့တန်းသို့ စေလွှတ်ခံရသူများ အများအပြားရှိနေသည်။
အဆိုပါအချက်များကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းမှ လွတ်ကင်းရန်အတွက် အသွားအလာသတိရှိရန်နှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ ယခုကဲ့သို့ ဖြစ်စဉ်များမှ လွင်ကင်းမည်ဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများကို ငွေအား၊ လူအား၊ သတင်းပေးခြင်းစသည့် တတ်နိုင်သောဘက်မှ ကူညီပေးရန် သာယာ၀တီခရိုင်အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ မေတ္တာရပ်ခံထားသည်။