By Wadi / MPA
PDF အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ယောရွာရှိ အရပ် သားပြည်သူသုံးဦး သေဆုံးဆိုသည့် သတင်းအမှားများ ဩဂုတ် ၁၆ရက်မှစတင်ကာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“ကျွန်းလှမီးအိမ်ရှင်” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၁၆ ရက်၊ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်တွင် “ 15-8-2024 ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ယောကျေးရွာ အတွင်းသို့ အကြမ်းဖက် Pdf အဖွဲ့မှ တိုက်ပွဲဖြစ်စဉ်မရှိပဲ လက်လုပ်စိန်ပြောင်းများဖြင့် အချက်ပေါင်းများစွာ အဆင်အခြင်မဲ့စွာ ပစ်ခတ်ခဲ့ပါသည်။ယင်းသို့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးသွားခဲ့ ကြောင်း သိရပါသည်။ Pdf များ၏ပစ်ခတ်မှုကြောင့် ယောကျေးရွာနေ ဒေါ်မာကြည်(၆၅)နှစ်၊ ဒေါ်လွမ်းပို (၄၂) နှင့် ကလေးငယ်တစ်ဦးဖြစ်သည့် မောင်းဖိုးသင်္ကြန်(၂နှစ်၄လ) တို သေဆုံးသွားခဲ့ပါသည်” (မူရင်းရေးသားချက်) ဟူ၍ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသွားသူများ၏ ဓာတ်ပုံများနှင့်တကွ ရေး သားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြောင်းအရာကို ဩဂုတ် ၁၈ရက် မွန်းလွဲ ၁နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၇၁၀၀၀ကျော်၊ Reaction ပေးသူ ၃၀၀ကျော်၊ မှတ်ချက်ရေးသူ သုံးဦး ရှိသည်။
သတင်းအမှားရေးတင်ထားသောလင့်ခ် >>> https://archive.ph/M8Eyn
အဆိုပါသတင်းအမှားကို “Thazin Oo, Kyaw Swar, Ko Thet” တယ်လီဂရမ်ချန်နယ်များအပြင် အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်ချန်နယ်များတွင် သတင်းအမှားဖြန့်ဝေထားသောလင့်ခ်များ >>>
Thazin Oo – https://archive.ph/HK6eb
Kyaw Swar – https://archive.ph/dEoHH
Ko Thet – https://archive.ph/IkMTN
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search အသုံးပြု၍ ရှာ ဖွေကြည့်ရာ မြေလတ်အသံ သတင်းဌာန၏ သတင်းတွင် ဖော်ပြထားသော ဓာတ်ပုံနှင့် တူညီမှုရှိကြောင်း တွေ့ရှိရသည်။
မြေလတ်အသံသတင်းဌာနတွင် “စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီး၊ မင်းကုန်းနဲ့ သင်ပေါင်းကျင်း ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံခဲ့ရပြီး နှစ်ဘက်ထိခိုက် ကာ အရပ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။ …..နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လယ်လှရွာနဲ့ ယောရွာဘက်ကိုလည်း လက်နက်ကြီး ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ အသက် ၃ နှစ်အရွယ် မောင်ဖိုးသင်္ကြန်၊ အသက် ၆၅နှစ် အရွယ် ဒေါ်မာကြည်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်လွမ်းပိုတို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်” ဟု ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/V4zGD
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google ၌ “ကန့်ဘလူမြို့နယ် လက်နက်ကြီးကျ” ဆိုသည့် စာသား Keyword ဖြင့် ရှာဖွေကြည့်ရာ RFA သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။
ဩဂုတ် ၁၇ ရက် RFA တွင် “စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဩဂုတ် ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေပြင်းထန်နေချိန် ကန့်ဘလူအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်-၆၀၀၆ အမြောက်တပ်ရင်း ပစ် လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လယ်လှရွာနဲ့ ယောရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၃ နှစ်အ ရွယ် ကလေးတစ်ဦး၊ အသက် ၄၀ နဲ့ ၆၀ ဝန်းကျင် အမျိူးသမီးနှစ်ဦးတို့ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်” ဟု ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/AGJi6
သုံးသပ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော ဓာတ်ပုံသည် မြေလတ်မီဒီယာက သတင်းဓာတ်ပုံနှင့် တူညီ မှုရှိသည့်အတွက် ကန့်ဘလူတွင် လက်နက်ကြီးကျရောက်မှုကြောင့် ပြည်သူသုံးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိနိုင်သည်။
RFA သတင်းမီဒီယာတွင် ကန့်ဘလူမြို့နယ် လယ်လှရွာနှင့် ယောရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများပြောကြားချက် ဖြင့် သတင်းဖော်ပြထားသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော PDF အဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဟူ၍ ဖော်ပြထားသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ် သားသေဆုံးမှုဖြစ်စဉ်များကို PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့်ဟု စွပ်စွဲကာ သတင်း အမှားများ ရေးသားဖြန့်ဝေလေ့ရှိသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ MPA က သတင်းချက်အလက်စစ်ဆေးခဲ့သည့် သတင်းအမှားလင့်ခ်အချို့ –
https://shorturl.at/YyEbG
https://shorturl.at/dGX52
https://shorturl.at/QlGpo
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်သည်။
အချက်အလက်စစ်ဆေးရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါ သည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto