By Nway / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( ဩဂုတ် ၁၇ရက် ) မွန်းလွဲသုံးနာရီမထိုးမီ မြင်းခြံမြို့နယ်၊ တန်ဆောင်းရွာနှင့် ဖိုးတုတ်ဖြူရွာအနောက်ဘက် ရွာသစ်ရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံမြို့နယ် တန်ဆောင်းရွာအနီး နေထိုင်သူတစ်ဦးက MPA သို့ ပြောသည်။
“ ဒီအတိုင်းပစ်သွားတာ။ တစ်ချိန်တည်း ဗုံးသုံးလုံးကြဲသွားတယ်။ တန်ဆောင်းရွာက စာသင်ကျောင်းထဲကို ကျပြီး ပြည်သူတော်တော်များများ ထိခိုက်ဒဏ်ရာရတယ်။ အရေအတွက်တော့ သေချာမသိနိုင်သေးဘူး “ ဟု ၎င်းက MPAသို့ ပြောသည်။
ဒဏ်ရာရပြည်သူများကို ဆေးဝါးကုသရန်ပင် အခက်အခဲရှိနေကြောင်း သိရသည်။
“ မြစ်တစ်ဖက်ကမ်းကို သွားကုရမှာပေါ့။ ရေလမ်းက စစ်သင်္ဘောအသွားအလာရှိတော့ စိုးရိမ်ရတယ်။ အခုရက်ထဲ ရေကြောင်းကနေ ပစ်ခတ်တာမျိုးတော့ မရှိသေးဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ရွာသစ်ရွာထဲသို့ ဗုံးကျရောက်မှုကြောင့် ထိခိုက်မှုကို မသိရသေးသလို တန်းဆောင်းရွာအတွင်းဒဏ်ရာရရှိခဲ့သည့် ပြည်သူအရေအတွက်နှင့် အခြေအနေကို အသေးစိတ်သိနိုင်ရန် MPA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၄ရက်ကလည်း မြင်းခြံမြို့၊ ကုက္ကဲသင်တန်းကျောင်းမြောက်ဘက်ရှိ ကာကွယ်ရေးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကန်ချောရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။