By Wadi / MPA
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့တွင် TNLA နှင့် PDF ၃၀၀၀ ကျော် ကျဆုံးခဲ့ပြီး ဆုတ်ခွာထွက်ပြေး ဆိုသည့် သတင်းအမှားများ ဩဂုတ် ၁၆ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“Ye Yint Htet(#yyh)” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၁၆ ရက်၊ ည ၈ နာရီ ၃၇ မိနစ်တွင် “ နောင်ချို သတင်းကောင်း၊ TNLA+pdf 3000 ကျော် ကျဆုံး၊ မနေ့ထဲက ဆုတ်ခွာထွက်ပြေးနေတယ်လို သိရှိရ။ ဂုဏ်ပြုလေးစားပါတယ် စစ်တိုင်းမှူးအသစ်ကြီးနှင့် ဖိုက်တာညီအကိုများခင်ဗျာ” ဆိုပြီး ရေးသားဖြန့်ဝေခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ အကြောင်းအရာကို ဩဂုတ် ၁၇ရက် ညနေ ၄နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၂၃၀၀၀ ကျော်၊ Reaction ပြုလုပ်သူ ၄၆၀ ကျော်၊ မှတ်ချက်ရေးသားသူ ၂၀ ကျော် ရှိသည်။
သတင်းအမှား ရေးတင်ထားသော လင့်ခ်- https://archive.ph/zQZgN
အဆိုပါသတင်းအမှားကို “Snow Queen, Thar Sitt(Psy) , MMC(News), အဖိုးလေး” တယ်လီဂရမ်ချန်နယ်တို့က ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/PkFat
Thar Sitt (Psy) – https://archive.ph/rtVH9
MMC ( News ) – https://archive.ph/Jt8vc
အဖိုးလေး – https://archive.ph/tvINl
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်မှန် မမှန် သိရှိရန် Google တွင် “နောင်ချိုတိုက်ပွဲ” ဆိုသည့် Keyword ဖြင့် ရှာဖွေကြည့်ရာ “RFA ၊ သျှမ်းသံတော်ဆင့် နှင့် Mizzima” တို့တွင် သတင်းဖော်ပြထားကြသည်။
ဩဂုတ် ၁၆ ရက် RFA သတင်းတွင် “ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် ( TNLA ) သိမ်း ပိုက်ထားတဲ့ နောင်ချိုမြို့ပေါ်က ယာယီဈေးကို ဩဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နောင်ချိုမြို့ခံတွေက RFA ကို ပြောပါတယ်။ နောင်ချိုမြို့ ပေါ်က ဈေးရပ်ကွက်နဲ့ ဘူတာရပ်ကွက်ကြားမှာ ယာယီဖွင့်ထားတဲ့ ဈေးကို ပေါင်ငါးရာ ပြင်းအားရှိတဲ့ ဗုံးတစ်လုံး ကြဲခဲ့ပေမဲ့ မပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်” ဟု ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/iA8gU
ဩဂုတ် ၁၆ ရက် သျှမ်းသံတော်ဆင့်တွင် “ သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်းကို စစ်ကောင်စီတပ် အင်အားမဖြည့်နိုင်ရန် တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဖြတ်တောက်လိုက်ကြောင်း စုံစမ်းသိရသည်။ ထို့အပြင် ယမန်နေ့ ( ဩဂုတ် ၁၅ ရက် ) နေ့လည် ၂ နာရီကျော်တွင် နောင်ချိုမြို့ပေါ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဈေးရပ် ကွက်နှင့် ဘူတာရပ်ကွက်အကြား ယာယီဈေးအဖြစ် ဖွင့်လှစ်ရောင်းချ သည့် နေရာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးဆံမပေါက်ကွဲခဲ့ခြင်းကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်” ဟု ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/C02Po
ဩဂုတ် ၁၆ ရက် Mizzima တွင် “တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့် သီပေါနှင့်နောင်ချိုမြို့နယ်အတွင်း စစ် ကောင်စီက ဗုံးအလုံးရေ ရာနှင်ချီ ကြဲချတိုက်ခိုက်နေကြောင်းကို တအောင်းအမျိုသား လွတ်မြောက် ရေး တပ်မတော် ( TNLA ) ၏ နေ့စဉ်ထုတ်ပြန်ထားချက်များအရ သိရသည်။ ယမန်နေ့( ဩဂုတ် ၁၅ ရက်) ညနေပိုင်းကလည်း နောင်ချိုမြို့နယ်ရှိ အရပ်သားများ ရောင်းဝယ်ဖောက်ကားနေသည့် ရွေ့လျားဈေးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်” ဟု ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/5lbzh
သုံးသပ်ချက်
သတင်းအချက်အလက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားနေသော သတင်းမီဒီယာများတွင် ဩဂုတ် ၁၅ ရက်က နောင်ချိုမြို့ရှိ ယာယီဈေးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရေးသား ထာဖော်ပြထားကြသည်။
နောင်ချိုမြို့ကို ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ကတည်းက TNLA က ထိန်းချုပ်ခဲ့ပြီး လက်ရှိတွင် ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်အချို့တွင် ပျံ့နှံ့နေသော “နောင်ချိုတွင် TNLA နှင့် PDF ၃၀၀၀ ကျော် ကျဆုံးပြီး ဆုတ်ခွာထွက်ပြေး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto