ရနောင်းအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ထိုင်းကပြန်လည်ပို့ဆောင်လိုက်သည့် မြန်မာနိုင်ငံသား ၇၀ကျော်ကို စစ်ကောင်စီကဖမ်းဆီးပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းလိုက်ကြောင်း ၎င်းတို့၏ မိသားစုဝင်များက ဩဂုတ် ၁၆ ရက်မှာ ပြောကြားသည်။
နယ်မြေနှင့် တပ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဘက်ပြောင်းသွားသော စစ်သားများ အရေအတွက် ပိုများလာနေစဉ် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကြောင့် လူငယ်အများအပြား တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်သွားခဲ့ကြပြီး အိမ်နီးချင်းထိုင်းနိုင်ငံသို့လည်း ထွက်ပြေးသွားခဲ့ကြသည်။
ရနောင်းထောင်မှ မြန်မာနိုင်ငံသား၁၅၀ကျော်ကို ထိုင်းအရာရှိများက ကော့သောင်းသို့ ဇူလိုင်လ၃၀ ရက်က ပြန်ပို့ခဲ့ပြီး ဩဂုတ် ၇ ရက်တွင် နောက်ထပ်၁၂၀ ကျော်ကိုပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ပထမအသုတ်ရောက်ရှိလာသော သူများအနက်၂၃ ဦးနှင့် ဒုတိယအသုတ်ရောက်ရှိလာသူများထဲမှ ၄၈ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ကော့သောင်းဒေသခံများကပြောကြားသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ပို့ဆောင်လိုက်သောသူအားလုံးသည် အသက်၂၀ကျော်လူငယ်များဖြစ်ပြီး ပဲခူးနှင့်ရန်ကုန်တို့ ကဲ့သို့ မြို့များမှ အများအပြားပါဝင်သည်ဟု ဒေသခံတဦးကပြောကြားသည်။
ငွေကြေးတတ်နိုင်သူများအနေဖြင့် စစ်တပ်အရာရှိများကိုလာဘ်ထိုးပြီး ပြန်လည်လွတ်မြှောက်နိုင်ခဲ့သော်လဲ မတတ်နိုင်သော ကေ့ာသောင်းမြို့ခံအချို့မှာ စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု အမည်မဖော်လိုသော မြို့ခံတဦးက ပြောကြားသည်။
ထိုသို့ စစ်မှုမထမ်းလို၍ ငွေပေးရသူများသည် ဒေသအလိုက် ကျပ်၅သိန်းမှစ၍ ယင်းထက်များသော ပမဏပေးဆောင်ရကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် စာရွက်စာတန်းမရှိသော မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နေခြင်းဖြစ်သည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို စီမံခန့်ခွဲရာတွင် စစ်ကောင်စီကြားဝင်မစွက်စေရေး NUGအစိုးရက တိုက်တွန်းထားပြီးဖြစ်သည်။