အမျိုးသား ညီညွတ်ရေး အစိုးရ NUG အပါအဝင် မြန်မာတော်လှန်ရေး အင်အားစုများကို အမေရိကန် အရာရှိများက အွန်လိုင်းမှ ဩဂုတ် ၁၆ရက်က တွေ့ဆုံပြီး အရပ်သား အစိုးရ ပေါ်ပေါက်လာရေး တိုက်ရိုက် အကူအညီ ပိုပေးရန်နှင့် စစ်ကောင်စီအား ဆက်လက်ဖိအားပေးရေး ကတိပြုခဲ့ကြောင်း အမေရိကန် နိုငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တိုးတက်လာစေရေး အိမ်နီးချင်းနိုင်ငံများက ကူညီရန် တရုတ်က တိုက်တွန်းပြီးနောက် အထက်ပါတွေ့ဆုံမှု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်၏ ဒေသဆိုင်ရာ ပြိုင်ဖက် တရုတ်က မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်းကောက်ယူရေး နည်းပညာ အကူအညီ ပေးမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းနိုင်ရေးလည်း ကူညီပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ နေပြည်တော်ခရီးစဉ်အတွင်းပြောကြားခဲ့သည်။
၎င်းက လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လ၁၆ရက် တွေ့ဆုံမှုတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ မစ္စတာဆူလီဗမ်၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ် စချီဖာနှင့် NUG၏ ထိပ်သီးအဖွဲ့ဝင်များ၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ၊ အဓိကတော်လှန်ရေးအဖွဲ့စည်းများဖြစ်သော KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးCNF တို့ပါဝင်ကြောင်း အမေရိကန်ကြေညာချက်၌ ဖော်ပြထားသည်။
၎င်းတို့တွေ့ဆုံမှုအတွင်း မစ်စတာဆူလီဗမ်နှင့် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီအပေါ် ဆက်လက်ဖိအားပေးရေး အရေးကြီးကြောင်း သဘောတူညီခဲ့ကြသည်။
ဝါရှင်တန်အနေဖြင့် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူတို့၏ တန်းတူယှဉ်တွဲနေထိုင်ရေး အများပြည်သူ ဝန်ဆောက်မှုများ ပေးအပ်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေး တိုက်ရိုက်အကူအညီပေးသွားမည်ဟု အမေရိကန်အရာရှိများကပြောကြားသည်။
တရုတ်အနေဖြင့် မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံပြီး အာဆီယံ၏ မြန်မာပြသနာဖြေရှင်းရေးအစီအစဉ်ကို ထောက်ခံကြောင်းဝမ်ယိက ပြောကြားသည်။
အမေရိကန်နှင့်မြန်မာတော်လှန်ရေးအဖွဲ့များ တွေ့ဆုံရာတွင် မြန်မာပြသနာ အဆုံးသတ်ရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံအထူးကိုယ်စားလှယ်တို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ကြေညာချက်၌ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်၏သံတမန်ရေးခြေလှမ်းများ ပိုများလာစဉ် အမေရိကန်က ထိုသို့ကတိပြုခဲ့ခြင်း ဖြစ်သည်။