By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဩဂုတ် ၁၆ရက်၊ နေ့ခင်း ၁၂နာရီဝန်းကျင်က မြင်းခြံမြို့၊ ခမရ ၁၅မှ လက်နက်ကြီး ခြောက်လုံးပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့နယ် ရွာကြီးရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရသည်။
“ ရွာကြီးနားမှာ တိုက်ပွဲဖြစ်လို့ တပ်ထဲကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာ” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဩဂုတ် ၁၄ရက် ည ဆယ်နာရီခန့်ကလည်း မြင်းခြံမြို့၊ ကုက္ကဲသင်တန်းကျောင်းမြောက်ဘက်ရှိ ကာကွယ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ရာ အသက် ၅၀အရွယ်ရှိ ကန်ချောရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ကုက္ကဲသင်တန်းကျောင်းဘက်ကို ဆည်ကနေ သောက်ရေ၊သုံးရေ ယူတာရှိတယ်။ အဲ့အတွက် ဆင်ထားတဲ့ စက်ကို PDFအဖွဲ့က မိုင်းခွဲလိုက်လို့ သူတို့ (စစ်ကောင်စီတပ်)က ကန်ချောရွာဘက်ကို ပစ်တာ။ နေအိမ်ပျက်စီးတာတော့မရှိဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ကန်ချောရွာမှ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ (ဩဂုတ် ၁၇) နံနက်ပိုင်းတွင် ရွာထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။