By Ko Paing / MPA
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အတွင်းရှိကျေးရွာအချို့တွင် စစ်မှုထမ်းခေါင်းစဉ်ဖြင့် စစ်ကောင်စီတပ်က ငွေညှစ်နေကြောင်း သိရသည်။
သြဂုတ် ၁၆ ရက်တွင် လက်ပံတန်းမြို့နယ်၊အုတ်ဖိုစုကျေးရွာမှ အမျိုးသားနှစ်ဦး၊ထန်းပင်ချောင်ရွာမှ တစ်ဦးနှင့်ရွှေဘိုစုကျေးရွာမှ တစ်ဦးတို့ကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးသွားပြီး နောက် ဒေသခံများထံက ငွေညှစ်နေခြင်းဖြစ်ကြောင်း ရွှေတန်းမြေ-PDF ထံက သိရသည်။
“စစ်မှုထမ်းဖို့ အုပ်ကြီးတွေကို လူစုပေးဖို့ စစ်တပ်က တာဝန်ပေးတယ်။အုပ်ကြီးတွေက ငွေကောက်ပေးမယ်ဆိုပြီး စစ်သားတွေကို ညှိတယ်။စစ်မှုထမ်းနိုင်တဲ့အရွယ်ရှိတဲ့အိမ်ဆို ၅၀,၀၀၀ ။ကျန်အိမ်တွေကို ၁၀,၀၀၀ကနေ ၃၀,၀၀၀ဆိုပြီး စီးပွားရေးအခြေအနေလိုက်ပြီး စစ်ဗိုလ်စိုးဝင်း ကိုပေးရတယ်” ရွှေတန်းမြေ-PDF တာဝန်ခံက MPAသို့ပြောသည်။
စစ်မှုထမ်းရန် ငြင်းဆန်ပြီး ငွေမပေးနိုင်ပါက အမည်စာရင်းနှင့်ကွ အဓမ္မ တပ်သားသစ်စုဆောင်းကြောင်းသိရသည်။
“မနေ့(ဩဂုတ်၁၆ရက်)က ကားအဖြူလေးနဲ့လာပြီး လူငယ်တွေကိုလာဖမ်းသွားတယ်။သူတို့က ပိုက်ဆံမပေးနိုင်တဲ့ သူတွေ” ဟု ၎င်းကဆိုသည်။
မတ်လ ၁၆ ရက်မှ စတင်ကာလက်ပံတန်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းရန် အကျုံးဝင် လူငယ်များထံသို့ စစ်ကောင်စီအာဏာပိုင်တို့က ဆင့်ခေါ်စာများပေးပို့ခဲ့သည်။