By Ko Paing / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးနယ်မြေရဲစခန်းကို PDFတို့က ဒရုန်း ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ရဲများ ထိခိုက်မှုရှိကြောင်းသိရသည်။
ယနေ့ (သြဂုတ်၁၇ရက်) နံနက် ခြောက်နာရီခွဲဝန်းကျင်တွင် တောင်သာမြို့နယ်၊တောင်သာ-မိတ္ထီလာလမ်းပိုင်းပေါ်ရှိ ရုံးစည်ကြီးနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
“ရုံးစည်ကြီး နယ်မြေရဲစခန်းက အရင်က အင်အား ၂၀ ပဲရှိတာ။ကျတော်တို့သွားတိုက်ပြီးမှ အင်အား ၄၀ လောက်ဖြစ်လာတာ။သူတို့က တောင်သာ-မိတ္ထီလာလမ်းပိုင်းကို ထိန်းချုပ်လာတာ နယ်မြေရဲစခန်း အတိုက်ခံရမှာစိုးလို့ပါ။ကျတော်တို့ဘက်ကလည်း တောင်သာ-မလှိုင် လမ်းပိုင်းကို အဓိကဖြတ်တောက်ထိန်းချုပ်ထားပါတယ်” ဟု တောင်သာပကဖ(Drone Team) မှ တာဝန်ရှိသူက MPAသို့ ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
သြဂုတ် ၁၃ ရက်တွင်လည်း မြင်းခြံခရိုင်အထူး စစ်ဆင်ရေးအဖြစ် ရုံးစည်ကြီးနယ်မြေရဲစခန်းကို ဒရုန်းဖြင့်ဗုံးသီး ရှစ်လုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။