By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဩဂုတ် ၁၅ရက်၊ ညနေ လေးနာရီခန့်က ရေစကြိုမြို့နယ်၊ ရပ်သာရွာမမှ ရပ်သာကျွန်းသို့ ထွက်လာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖက ယနေ့ည(ဩဂုတ်၁၆ရက်) သတင်းထုတ်ပြန်သည်။
“ ရပ်သာရွာနဲ့ ရပ်သာကျွန်း အဲ့ကြားထဲမှာ စောင့်တိုက်တာ။ အပြန်အလှန်တိုက်ပွဲတော့ ဖြစ်ခဲ့တယ်။ သူတို့ဘက်ကတော့ လေးယောက်လောက် ဒဏ်ရာရတယ်လို့ စုံစမ်းသိရတယ်” ဟု ရေစကြိုမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
တိုက်ခိုက်မှုပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ နယ်မြေရှင်းလင်းခဲ့ရာ G3ကျည်နှင့် ကာဘိုင်ကျည်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းပြန်ဆုတ်ခွာတဲ့အခါမှာ အဲ့နေရာတွေက ရှင်းလင်းရေးလုပ်ရတယ်လေ။ အရမ်းကြီးတော့မများပါဘူး။ G3ကျည်နဲ့ ကာဘိုင်ကျည်နည်းနည်းစီရရှိတာ” ဟု ၎င်းက ဆက်လက် ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ရပ်သာရွာမသို့ ပြန်လည်ဝင်ရောက်သွားပြီး PDF ရဲဘော်များလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ဩဂုတ် ၁၄ရက်နေ့က ဟင်္သာပျူရွာမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး သုံးရက်တာအတွင်း PDFတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ စုစုပေါင်းသုံးကြိမ်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
စစ်သားများ ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။