By Hlaing / MPA
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့တို့မှ ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် အရပ်သားပြည်သူများသည် ပုဂံနှင့် ပုပ္ပါးမြို့တို့ စစ်ရှောင်နေကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်၊ နံနက် ၅ နာရီခန့်မှစ၍ ယနေ့ (သြဂုတ် ၁၆ ရက်) အထိ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး၊ ဒေသခံပြည်သူအများစုမှာ မိထ္တီလာ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်ရှောင်နေကြခြင်းဖြစ်သည်။
“ စဖြစ်တဲ့နေ့ရဲ့ နောက်ရက် သြဂုတ် ၁၁ ရက်နေ့ မနက်လောက်ကနေ ကျတော်တို့ ပုပ္ပါးဘက်ကို ထွက်လာကြတာ၊ အဆင်ပြေသေးတယ်။ ဒီရက်ပိုင်းမှ မြင်းခြံကနေထွက်လာကြရင်တော့ အဆင်မပြေနိုင်ဘူး။ သစ်ပင်တွေလည်း လမ်းပေါ်မှာ ခုတ်လှဲထားကြတယ်။ မြင်းခြံဘက်ကို စစ်တပ်ကပိတ်၊ နွားထိုးကြီး ဘက်ကနေထွက်ရင်လည်း မြို့သာမြို့ကနေ မန္တလေးထိရောက်နိုင်ပေမယ့် PDF ရော စစ်တပ်ရောရှိနေတယ်” ဟု မြေပြင်အခြေအနေကိုသိရှိသူ နွားထိုးကြီးဒေသခံတစ်ဦးက MPAသို့ ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်ရှိ ပွဲခင်းမပျူစောထီးကျေးရွာကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ သြဂုတ် ၁၄ ရက်တွင်လည်း ပုပ္ပါးတောင်မကြီး၏ မြောက်ဘက်၊ မြင်းခြံမြို့သို့ သွားရာလမ်းပိုင်း၌ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ရာ ဒေသခံများအကြား၌ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
“ ပုပ္ပါးဘက်မှာက စစ်ရှောင်တွေ ပြည့်လာပြီ၊ ကျောက်ပန်းတောင်းနားမှာ တိုက်ပွဲဖြစ်လိုက်တော့ ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ ပုပ္ပါးမှာက နည်းနည်းနေလို့ရသေးတယ်ဆိုပေမယ့် တောင်သာဘက်ကနေလာတဲ့ တိုက်ပွဲအခြေအနေက ပုပ္ပါးဘက်ထိ လှုပ်နေပြီ” ဟု ပုပ္ပါးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ညောင်ဦးခရိုင်အတွင်းရှိ ပုပ္ပါးမြို့နယ်သည် မြင်းခြံမြို့နှင့် ၄၉ မိုင်အကွာ၊ ကျောက်ပန်းတောင်းမြို့နှင့် ဆယ်မိုင်အကွာတွင် တည်ရှိပြီး၊ တောင်သာမြို့နယ်အတွင်းရှိ ဝဲလောင်တိုက်နယ်နှင့်လည်း မိုင် ၂၀ ခန့်သာကွာဝေးသည့် မြို့နယ်တစ်ခု ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်မှ စတင်ခဲ့သည်ံ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြားမှ တိုက်ပွဲများမှာ မြင်းခြံခရိုင်အတွင်း၌သာမက၊ ညောင်ဦးခရိုင်သို့လည်း ကူးစက်နေပြီဖြစ်သည်။
“ တောင်သာနယ်ထဲက ဝဲလောင်ဆိုတာကလည်း ကျောက်ပန်းတောင်းလမ်းပေါ်ကပဲလေ? တစ်မြို့နဲ့တစ်မြို့ကလည်း အရမ်းနီးကပ်နေတော့ ကျောက်ပန်းတောင်းမြို့ပေါ်မှာလည်း စာသင်ကျောင်းတွေမှာ ကျောင်းတက်သူနည်းသွားပြီ၊ကျောက်ပန်းတောင်းမြို့အဝင်အထွက်တွေမှာ စစ်တပ်က တင်းကျပ်နေတယ်။ အသံနားစွင့်နေရတဲ့အခြေအနေပေါ့” ဟု ကျောက်ပန်းတောင်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်က မိထ္တီလာ – ကျောက်ပန်းတောင်း၊ မိထ္တီလာ – ဝမ်းတွင်း – သာစည်လမ်းပိုင်းနှင့် မိထ္တီလာ – ပျော်ဘွယ် – ရမည်းသင်းလမ်းပိုင်းတို့တွင် ခရီးသွားလာသူများအား မှတ်ပုံတင်၊ ခရီးသွားထောက်ခံစာတို့ကို တင်းတင်းကျပ်ကျပ်စစ်ဆေးလျက်ရှိသည်။
“ နယ်မြေထိစပ်မှုတွေ ကြည့်လိုက်ရင် မိထ္တီလာနဲ့ နေပြည်တော်ဆိုတာ ဘယ်လောက်မှမဝေးဘူး။ နေ့ချင်းပြန် ရောက်တဲ့ခရီးပဲ၊ မိထ္တီလာမှာကတော့ စစ်ရှောင်ပြည်သူထက် ဌာနဆိုင်ရာဝန်ထမ်းတွေ လာရှောင်နေကြတာများတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ဧည့်စာရင်းစစ်ကြဖို့ စစ်တပ်ထောက်ခံသူတွေက လှုံ့ဆော်နေကြတယ်” ဟု မိထ္တီလာမြို့တွင်နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကလည်း နွားထိုးကြီး – မြင်းခြံ – တောင်သာ – မိထ္တီလာလမ်းပိုင်းတို့ကို အသုံးမပြုဘဲ ရှောင်ရှား၍ သွားလာကြရန် တိုက်တွန်းထားသည်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) စတင်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်မှစ၍ ယနေ့ (သြဂုတ် ၁၆ ရက်) အထိ တစ်ပတ်တာကာလအတွင်း နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့ရှိ စစ်ကောင်စီယန္တရားများ ရပ်ဆိုင်းလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီး၊ နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်တို့ကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ထားကြသည်။