By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့အဝင်အထွက် လမ်းများ၌ စစ်သားများ ကင်းပုန်းဝပ်ကာ လုံခြုံရေးတင်းကျပ် ထားကြောင်းသိရသည်။
ဩဂုတ် ၁၀ရက်တွင် နွားထိုးကြီးမြို့ပေါ်တပ်စခန်းများကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်းခြံမြို့၌ လုံခြုံရေးတင်းကျပ်ထားကြောင်းသိရသည်။
“ မြို့ပေါ်မှာ အသွားလာမရှိသလောက်ပဲ။ မြို့ဝင်နိုင်တဲ့ အပေါက်တွေမှာ ကင်းပုန်းဝပ်တာရှိတယ်။ မြို့ထဲကို ဝင်မယ်ဆို ထောက်ခံစာပါမှ ဝင်ခိုင်းတယ်။ မပါရင် ပြန်ယူခိုင်းတာတို့။ မြို့ထဲကထွက်မယ်ဆို ကားတွေကို စစ်တာဆေးတာတို့ရှိတယ်။ ပိုစစ်လာတယ်” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မြင်းခြံမြို့ပေါ်တွင် ခမရ ၁၅တပ်ရင်းနှင့် မြို့ခံပျူစောထီးများအပြင် ကျောက်ပန်းတောင်းဘက်မှ စစ်သား အင်အား ၁၀၀ဝန်းကျင်ရောက်ရှိနေကြောင်း သိရသည်။
“ ဟိုနားစုစု ဒီနားစုစုဆိုတော့ အင်အားကတော့ ခန့်မှန်းရခက်သေးတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
မြင်းခြံမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်တိုက်တော့မည်ဆိုသည့် သတင်းများထွက်ပေါ်နေသည့်အတွက် ဩဂုတ် ၁၄ရက်နေ့ကတည်းက ဌာနဆိုင်ရာ ရုံးဝန်းထမ်းများ ထွက်ပြေးသွားကြရာ ရုံးဖွင့်ထားသော်လည်း လူမရှိကြောင်း ၎င်းကပြောသည်။
“ စီးပွားရေးဘဏ်မှာဆို လုံခြုံရေးတို့ဘာတို့ပဲရှိတယ်။ ထွေအုပ်ရုံးဆိုလည်း ဖွင့်တော့ထားတယ်။ ဝန်ထမ်းမရှိတာပေါ့။ အုပ်ချုပ်ရေးမှူးတွေဆိုလည်း အိမ်မှာပဲရှိနေသလိုလို။ ဘုန်းကြီးကျောင်းမှာရှိနေသလိုလို ဘယ်မှာမှန်းကိုမသိဘူး” ဟု ၎င်းကပြောသည်။
ငွေကြေးတတ်နိုင်သည့် ပြည်သူများလည်း မြို့ကိုစွန့်ခွာကာ တိမ်းရှောင်သွားပြီဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့ ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများရော လူနာများကိုပါ စစ်ကောင်စီတပ်က မောင်းထုတ်ကာ ဝင်ရောက်ခံစစ်ပြင်နေကြောင်း သိရသည်။
ဩဂုတ်၁၄ရက်၊မွန်းလွဲတစ်နာရီခန့်တွင် မြင်းခြံမြို့ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများရော လူနာများကိုပါ စစ်ကောင်စီတပ်က မောင်းထုတ်ကာ ဝင်ရောက်တပ်စွဲခဲ့သလို မြင်းခြံဆေးရုံနှင့် ကပ်လျက် ဘိုးဘွားရိပ်သာ၌လည်း တပ်စွဲထားကြောင်း သိရသည်။