By Nway / MPA
မန္တလေးတိုင်း၊ တောင်သာမြို့တွင် ထွေအုပ်ရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းမှအပ ကျန်ဌာနဆိုင်ရာ ယန္တရား လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သိရသည်။
ဩဂုတ် ၁၄ရက်မှစ၍ တောင်သာမြို့ပေါ်ရှိ ဌာနဆိုင်ရာ ယန္တရားများ လုံးဝ ရပ်တန့်သွားကာ ဌာနများကို သော့ပိတ်ထားကြောင်း၊ နယ်ခံဝန်ထမ်းအနည်းစုသာ တောင်သာမြို့တွင် ကျန်ရှိကာ အခြားသောဝန်ထမ်းများ တိမ်းရှောင်ကုန်ကြကြောင်း လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ ထံက သိရသည်။
“ ထွေအုပ်၊ မီးသတ်၊ ရဲစခန်းကလွဲရင် ကျန်ရှိရုံးတွေက ၁၀ရက်နေ့ နွားထိုးကြီးဖြစ်ကတည်းက တဖြည်းဖြည်းရှောင်ထွက်ကြတယ်။ ၁၄ရက်နေ့က နောက်ဆုံး ရုံးပိတ်သွားတယ်။ သော့ပိတ်သွား တာဗျ “ ဟု လူထုလှုပ်ရှားမှုကော်မတီ – တောင်သာမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ထို့အပြင် ဘဏ်များကိုလည်း ပိတ်ထားကာ ငွေများအား မြန်မာ့စီးပွားရေးဘဏ် (မန္တလေး) သို့ ရွှေ့ပြောင်းထားကြောင်း၊ ထွေအုပ်ရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်သားများ အင်အား ဖြန့်ကျက်ထားကာ မြို့တွင်း လှည့်ပတ်နေကြောင်း သိရသည်။
“ မြို့နေပြည်သူတွေကတော့ စစ်ရှောင်ကုန်ကြပြီ။ နယ်တွေက ပြည်သူတွေလည်း မြို့ပေါ် ဈေးလာမဝယ်ကြတော့ ဆိုင်တွေ အတော်များများ ပိတ်ထားကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တောင်သာနှင့် မြင်းခြံမြို့နယ်ရှိ စစ်ရေးအခြေအနေများကြောင့် တောင်သာ – မြင်းခြံလမ်းပိုင်းကို ပြည်သူများ သွားလာခြင်းမပြုကြရန် လူထုလှုပ်ရှားမှုကော်မတီ-တောင်သာနှင့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီတို့က မေတ္တာရပ်ခံထားသည်။