By Nway / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၁၆ရက်) နံနက် ကိုးနာရီကျော်တွင် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ်ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံက သိရသည်။
“ ဗုံး လေးလုံးကြဲတယ်လို့ သိရတယ်။ ဒီပဲယင်းနဲ့ ရေဦးအစပ်က ဇီးကုန်းနဲ့ မစိုးရိမ်ကျေးရွာနားကို ဦးတည်ပြီးပစ်သွားတာလို့ ကနဦးသိရတယ်။ အခုကတော့ လူထိခိုက်တာရှိ၊မရှိ မသိရသေးဘူး။ တိုက်ပွဲရှိလို့ လေကြောင်းပစ်ကူပေးတာ ဖြစ်နိုင်ပါတယ်” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို MPA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၁၅ရက်မှစ၍ ရေဦးမှ ဒီပဲယင်းမြို့နယ်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာသောကြောင့် ဒီပဲယင်းမြို့နယ် ကျေးရွာ ခုနှစ်ရွာရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။