By Garcia Ni /MPA
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီစစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၄ခုနှစ်၊ သြဂုတ် ၁၅ရက်၊ နံနက် သုံးနာရီခန့်မှစတင်၍ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
“ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာမှပြောလို့မရသေးပါဘူး။ တိုက်ပွဲကတော့ပြင်းထန်နေပါတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက MPAကို ပြောသည်။
ထိုသို့ တိုက်ပွဲပြင်းထန်နေသည့်အခြေအနေတွင် စစ်ကောင်စီအနေဖြင့် ဩဂုတ် ၁၅ရက်၊ နံနက် ခုနှစ်နာရီမှစတင်ကာ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် Y-12 ကင်းထောက်လေယာဉ်ဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုပါ ဗုံးအလုံး ၅၀ခန့် လှည့်ပတ်ကြဲချခဲ့ခြင်းဖြစ်သည်။
“ ဗုံးကြဲတာကတော့သူတို့ထင်တဲ့နေရာတွေ လျှောက်ကြဲနေတာ၊ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ပတ်ပတ်လည်တောထဲတွေကိုကြဲတာ၊ အတွဲလိုက်ကိုကြဲတာနော်၊ တစ်ခါကြဲရင်သုံးလေးလုံးကြဲတာ၊ ဒီနေ့ကြဲတာတော့ အထိအခိုက်မရှိဘူးလို့သိရတယ်” ဟု တောမရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် သြဂုတ် ၁၄ ရက်နေ့၊ ည ၇နာရီခန့်တွင် တောမရွာလမ်းခွဲသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတစ်ဦးသေဆုံး၍ ကလေးငယ်အပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ လေယာဥ်ကတောင်ဘက်ကနေလာတာ၊ ဗုံးကအိမ်တောင်ဘက်က ချိုင့်ထဲကျတာဗျ၊ လေယာဥ်လာတယ်ဆိုတော့ စကားပြောနေရင်း ကျတော်တို့လည်း ဗုံးခိုကျင်းထဲပြေး၊ သူ(သေဆုံးသွားသူ)က အိမ်ဘက်ပြေးတာမှာ ကျည်စတွေကခေါင်းနဲ့လက်ကိုထိပြီးပွဲချင်းပြီးဆုံးသွားတာ” ဟု ဗုံကြဲခံရမှုကိုမျက်မြင်ကြုံတွေ့ခဲ့ရသော တောမလမ်းခွဲနေအမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ အသက် ၃၆ နှစ်အရွယ် ဒေါ်တင်တင်အေးဖြစ်ပြီး ၎င်း၏ အသက် ၁၁ နှစ်အရွယ်သမီးဖြစ်သူမှာလည်း လက်မောင်း၊ မျက်နှာနှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ကာ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးလည်း ဝမ်းဗိုက်ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသွားကြောင်းသိရသည်။
ယင်းအပြင် ထီးလင်းမြို့ စစ်ကောင်စီသည် ထီးလင်းမြို့ပတ်ဝန်းကျင်ကျေးရွာများသို့ သြဂုတ် ၈ရက်နှင့် ၁၃ရက်တို့တွင် စစ်ကြောင်းများထိုးခဲ့ပြီး သရခါရွာ၊ ပုဏ္ဏားရွာနှင့် ထန်းပင်ကုန်းကျေးရွာများမှ စပါးတင်းတစ်ရာကျော်၊ ဆန်တင်း ၄၀ ကျော်၊ ဆီ၊ ဆား၊ ဟင်းချိုနှင့် ကုန်ခြောက်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွားကြောင်း ထီးလင်းမြို့နယ်အနောက်ခြမ်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။
“ ဒီနေ့စစ်ကြောင်းဟာ ကွမ်းစဲနားမှာလို့ပဲသိရတယ်။ တခြားမသိရဘူး။ စာရင်းတွေလည်း သေချာမကောက်နိုင်သေးဘူး” ဟု ထီးလင်းမြို့နယ်အနောက်ခြမ်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ကိုသန့်စင်က ပြောသည်။
ယခုရက်ပိုင်းအတွင်း ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးဂျက်ဖိုက်တာများ၊ ကင်းထောက်လေယာဥ်များ နေ့စဥ်ပျံဝဲနေပြီး ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မေ ကိုးရက်နေ့တွင် ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃၅ ဦးသေဆုံး၍ ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မေ ၁၄ရက်တွင် ဆောမြို့နယ်၊ တောမရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် ခုနှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။