By Hlaing / MPA
စစ်ကောင်စီ၏ ဗျူဟာအရ အရေးပါသည့် စခန်းကုန်းများ သိမ်းပိုက်ခံရပြီးနောက် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၅ရက်၊ နံနက် ကိုးနာရီခန့်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ကိုး၊ တပ်ရင်း ခြောက်နယ်မြေရှိ အမြင့်ဆုံးတောင်တန်းတွင် နေရာယူထားသည့် စစ်ကောင်စီ၏ ဗျူဟာအရ အရေးပါသော လမောင်စခန်းကုန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ လမောင်စခန်းကုန်းက ဖားကန့်မှာ အမြင့်ဆုံးပဲ၊ စစ်ကောင်စီအတွက်က အရေးပါတယ်။ သိမ်းလိုက်တဲ့ လမောင်စခန်းကုန်းက မနေ့(သြဂုတ် ၁၄ ရက်) မနက်က ဝင်တိုက်တာ၊ ဆိုင်းတောင်၊ ဖားကန့်၊ တောမှော်၊ ကံစီး၊ အောင်ဘာလေဆိုပြီး စစ်ကောင်စီတပ်စခန်း ငါးခုပဲကျန်တော့တယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ လမောင်စခန်းကုန်းသိမ်းပိုက်ခံရပြီးနောက် ယနေ့ (သြဂုတ် ၁၅ ရက်)၊ မွန်းလွဲ သုံးနာရီခွဲတွင် စစ်ကောင်စီတပ်က KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ ဂျက်ဖိုက်တာအသုံးပြု၍ လာရောက်တိုက်ခိုက်ခဲ့သည်။
” ၃ နာရီခွဲကနေ လေယာဥ်လာတာ၊ နာရီဝက်လောက်ကြာတဲ့အထိ လေယာဥ်သံတွေ ကြားနေရတုန်းပဲ၊ တရုတ်ဘက်ကို ဝင်သွားလို့ တရုတ်ကလည်းပြန်ပစ်တယ်။ ကြဲသွားတဲ့နေရာနဲ့ ထိခိုက်မှုတော့မသိရဘူး” ဟု လိုင်ဇာမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၈ ရက်၊ နံနက် တစ်နာရီခန့် (သြဂုတ် ၇ ရက်၊ ညပိုင်း) တွင်လည်း မိုးမောက် ခမရ ၄၃၇ တိုက်ပွဲ၌ အထိနာနေသည့် စစ်ကောင်စီတပ်က မိုးမောက်မြို့နယ်ရှိ စီဟတ်နှင့် ကုန်းလောကျေးရွာ၊ လိုင်ဇာမြို့နှင့် နမ့်ဆန်ယန်ကျေးရွာကြားရှိ မိုင်ဆတ်ပါကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စင်းနှင့် Y – 12 အမျိုးအစား စစ်ထောက်ပို့လေယာဥ် တစ်စင်းကို တစ်ပြိုင်နက်တည်း အသုံးပြုခဲ့သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဘုရားကျောင်း၊ လူနေအိမ်များနှင့် အိမ်မွေးတိရစ္ဆာန်များထိခိုက်ပျက်စီးခဲ့ရပြီး၊ ဒေသခံ ဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
“ အဲ့ဒီ့ညက တစ်နာရီလောက်ကြီး တောက်လျှောက်ဗုံးကြဲတာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ခြေထောက်ကို ဗုံးစမှန်သွားတယ်။ အခြားဒဏ်ရာရကြတာလည်း ဆယ်ဦးလောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မိုးမောက်မြို့၏ မြို့စောင့်တပ်ဖြစ်သော ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၂၃ ရက် (ဇူလိုင် ၂၄ ရက်မှစ၍ ယနေ့ သြဂုတ် ၁၅ ရက်အထိ) ကြာမြင့်နေပြီး၊ ဗန်းမော်မြို့ စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၂၁ မှလည်း လက်နက်ကြီးပစ်ကူပေးလျက်ရှိကာ နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲပင်ဖြစ်သည်။
ကချင်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် တစ်လကျော်ကြာရပ်နားထားသော တိုက်ပွဲများသည် ဇူလိုင် ၂၄ ရက်မှစ၍ ဗန်းမော်၊ မိုးမောက်နှင့် မြစ်ကြီးနားမြို့နယ်တို့၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှလည်း ဝိုင်းမော်မြို့ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများလည်း ရံဖန်ရံခါ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစ၍ ကချင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေမှုကြောင့် MPA အနေဖြင့် မြေပြင်အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် ခက်ခဲလျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ မတ် ၇ ရက်မှစ၍ KIAက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော် အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဆဒုံး၊ မြို့လှ၊ မဘိမ်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ကိုးရက်တွင် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၃၀နီးပါးသေဆုံးခဲ့ပြီး၊ ခြောက်ဆယ်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။